လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်အမှု CID သို့ လွဲပြောင်း


နိရဉ္စရာ၊ စက်တင်ဘာ ၁၀

အကြမ်းဖက်မှု ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် ဘူသီးတောင်မြို့နယ် ပြည်ခိုင်ဖြိုး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်၏ အမှုအား Criminal Investigation Department (CID)
မြန်မာနိုင်ငံ မူခင်းတပ်ဖွဲ့သို့ လွဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်း တရားစွဲဆိုသူ ဘူးသီးတောင်မြို့မရဲစခန်းမှူးက ပြောသည်။

“ သူ့ကို ဒီလ ၁ ရက်နေ့က ဘူးသီးတောင်မြို့မရဲစခန်းမှာ အမှုဖွင့်ပါတယ်။ သူရဲ့ အမှုကို အခုတော့ မူခင်းတပ်ဖွဲ့ကို လွဲပြောင်းပေးလိုက်ပါပြီ။ မူခင်းတပ်ဖွဲ့ကနေ ဆက်လက် စစ်ဆေးပြီး ဘယ်လို အမှုတွေမှာ သူပါဝင် ပတ်သက်တယ် ဆိုတာ ထုတ်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု မြို့မရဲစခန်းမှူးက ပြောသည်။

ဘူးသီးတောင် အမတ်ဟောင်း ဦးရွှေမောင်သည် လက်ရှိ ဘူးသီးတောင်နှင့် မောင်တော ဒေသတွင် ဖြစ်ပေါ်နေသည့် မိုင်းဗုံးထောင်၊ အိမ်မီးရှို့ စသည့် လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုများကို အားပေးအားမြှောက် ပြုနေသည်ကို တွေ့ရှိရ၍ အမှုဖွင့်ခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ ဘင်္ဂလီ လူမျိုး ဦးရွှေမောင်ကို ဘူးသီးတောင်မြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ နဲ့ အမှုဖွင့်ထားပါတယ်။ မကြာခင်တော့ အရေးယူမှု စလုပ်နိုင်ပါလိမ့်မယ်။ အင်တာပို Interpol နိုင်ငံတကာ ရဲတပ်ဖွဲ့က ကတစ်ဆင့် အရေးယူနိုင်ရေးကိုတော့ လူကြီးတွေက စီစဉ်ပါလိမ့်မယ်။ ကျွန်တော်တို့အပိုင်းကတော့ သူ့ကို တရားစွဲဆိုနိုင်ရေးအတွက် အမှုမှန်ကို ဖော်ထုတ်သွားရေး ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ဦးရွှေမောင်မှာ ယခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အဖွဲ့ဝင် ဖြစ်သော်လည်း သူ့အား ၂၀၁၅ ခုနှစ် သြဂုတ်လ ၃၁ နေ့မှ စပြီး ပါတီမှ ထုတ်ပယ်ထားသည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒာလှမြင့်က ပြောဆိုသည်။

သူ အကြမ်းဖက်မူ ပုဒ်မဖြင့် အမှုဖွင့်ခံရခြင်းနှင့် ပတ်သက်ပြီး ဦးနန္ဒာလှမြင့်က “ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ တည်ဆဲဥပဒေကို လိုက်နာရမယ့် တာဝန်ရှိတယ်လေ။ ဥပဒေ တစ်ရပ်ကို ချိုးဖောက်လို့ တရား စွဲဆိုခံရတဲ့ ကိစ္စအပေါ်မှာတော့ ကျွန်တော်တို့ ဘာမှ ပြောစရာမရှိပါဘူး။ သူရဲ့ လုပ်ဆောင်ချက် အပေါ် မူတည်တာပေါ့။ သူ ဥပဒေနဲ့ မညီဘဲ လုပ်တဲ့ အတွက် ဥပဒေအရ အရေးယူခံရတယ်လို့သာ နားလည်ပါတယ်” ဟု ဆိုသည်။

ဦးရွှေမောင် (ခ) အဒူရော်ဇတ်သည် လက်ရှိတွင် မြန်မာ ပတ်စ်ပို့ကို ကိုင်ဆောင်ပြီး အမေရိကန်နိုင်ငံ၊ တက်ခ်ဆက်ပြည်နယ်တွင် နေထိုင်နေကြောင်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara
လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်အမှု CID သို့ လွဲပြောင်း လွှတ်တော်အမတ်ဟောင်း ဦးရွှေမောင်အမှု CID သို့ လွဲပြောင်း Reviewed by THITHTOOLWIN on 18:11 Rating: 5
Powered by Blogger.