အကြားအမြင်ဆရာမအီးတီ အိပ်ပျော်နေစဉ် ရုတ်တရက်ကွယ်လွန်


အကြားအမြင်ဆရာမအီးတီ(ခေါ်)ဒေါ်ဆွေဆွေဝင်းဟာ စက်တင်ဘာ(၁၀)ရက်က မနက်ပိုင်း ဘုရားဝတ်ပြုနေကျအချိန်အထိ အိပ်ရာကနိုးထမလာတာကြောင့် အိမ်သားတွေက သွားရောက်နှိုးတဲ့အချိန်မှာ ကွယ်လွန်နေတာကိုတွေ့ရကြောင်း အိမ်သားတွေရဲ့ပြောပြချက်အရသိရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ၀နအိမ်ရာ၊ အမှတ်(၄) နေအိမ်မှာ မနက်(၄)နာရီ (၂၀)မိနစ်အချိန်ခန့်က ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။

 ကွယ်လွန်ချိန်မှာအသက်(၅၈)နှစ်ရှိပြီဖြစ်ပြီး မကွယ်လွန်မီ မနက်(၂)နာရီခွဲ ၀န်းကျင်က ဆရာမအီးတီဟာ တစ်ရေးနိုးပြီး အပေါ့အပါးသွားကာ သူ့ဘေးနားမှာ စောင့်ရှောက်တဲ့ ကောင်မလေးကို စကားပြောပြီး ရေထသောက်ကာ ပြန်လည် အိပ်ရာဝင်ခဲ့တယ် လို့သိရပါတယ်။

 ဆရာမအီးတီ ဟာ မကွယ်လွန်ခင် ထူးထူးခြားခြား စကားတွေပြောဆိုခဲ့တာမရှိသလို အရင်ရောဂါ အခံလည်းမရှိဘူးလို့ အကြားအမြင်ဆရာမ အီးတီရဲ့တူဖြစ်သူ သရုပ်ဆောင်စည်ဖြိုးက ပြောပါတယ်။

ဆရာမအီးတီဟာ သူမ တတ်မြောက်တဲ့အကြားအမြင်ပညာရပ်နဲ့ ပြည်သူတွေကို အကျိုးပြုရုံသာမက ပရဟိတလုပ်ငန်းတွေနဲ့ အလှူအတန်းတွေကိုလည်းများစွာဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ သူမရဲ့နာရေးကိစ္စဆောင်ရွက်ဖို့အတွက် လက်ရှိမှာစီစဉ်နေဆဲဖြစ်ပြီး ရေဝေးသုသာန်မှာပဲ ဂူသွင်းသွားမှာဖြစ်တယ်လို့ သရုပ်ဆောင်စည်ဖြိုးကဆက်လက်ပြောပါတယ်။

ဆရာမအီးတီကို(၁၉၆၀)ခုနှစ်ဇူလိုင်(၅)ရက်ကရန်ကုန်မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး ရွှေဂုံတိုင်ရှိ တိုက်တန်းတွေမှာနေထိုင်ခဲ့ကာ သူငယ်စဉ်က အရွယ်တူကလေးတွေနဲ့ ဆော့ကစားဖို့ သွားရောက် ရင်လည်း သူငယ်ချင်းတွေရဲ့ရှောင်ဖယ်မှုကိုခံရတာကြောင့် ရွှေဂုံတိုင်ရှိ ဘုရားစေတီမှာ သူရဲ့မုန့်ဖိုးလေးတွေ စုပြီး လှူဒါန်းကာ ဆုတောင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

 သူဆုတောင်းမှုတွေပြုလုပ်နေတဲ့ တစ်နေ့ အဲဒီစေတီကို မိုးကြိုးပစ်ချတဲ့အခါ သူပါထိမှန်ခဲ့ပြီး အသက်မသေဆုံးခဲ့ပေမယ့် လနဲ့ချီအပြင်းဖျားနာခဲ့တယ်လို့ သိရပါတယ်။ (၃)လနီးပါးဖျားရာကနေ ပြန်လည်ကောင်းမွန်လာပေမယ့် အသံလည်းမထွက်၊ နားလည်းမကြားဖြစ်ခဲ့ကာ အဲဒီအချိန်ကစတင်ပြီး အကြားအမြင်လည်းရရှိခဲ့တယ်လို့ သရုပ်ဆောင်စည်ဖြိုးက ပြောပြပါတယ်။ နောက်ပိုင်း သူရဲ့အကြားအမြင်ပညာနဲ့ဟောပြောမှု အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုမှန်ကန်လာပြီး ကျော်ကြားလာတာဖြစ်ပါတယ်။

 ဒါ့အပြင် မြန်မာနိုင်ငံကိုလာရောက်တဲ့ တစ်ချို့ပြည်ပနိုင်ငံခေါင်းဆောင်တွေနဲ့ သံတမန်တွေဟာလည်း အကြားအမြင် ဟောပြောမှုနားထောင်ဖို့ သူ့ဆီကို လာရောက်ခဲ့ကြကာ ပြည်ပနိုင်ငံတွေအထိလည်း ကျော်ကြားလာတာဖြစ်ပါတယ်။

ဒီသတင်းကို Central News Bureau က နှင်းယုခိုင်နဲ့ရဲမင်းထွန်းတို့ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
အကြားအမြင်ဆရာမအီးတီ အိပ်ပျော်နေစဉ် ရုတ်တရက်ကွယ်လွန် အကြားအမြင်ဆရာမအီးတီ အိပ်ပျော်နေစဉ် ရုတ်တရက်ကွယ်လွန် Reviewed by THITHTOOLWIN on 19:19 Rating: 5
Powered by Blogger.