ဗြိတိန်နဲ့ ပြင်သစ်မှာ တရက်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ

လန်ဒန် မြေအောက် ရထားပေါ်က ပေါက်ကွဲမှု အတွင်း ဒဏ်ရရသွားခဲ့သူ သုံးဆယ်ကျော်ရှိခဲ့
လန်ဒန်မြို့မှာ မနေ့က ရုံးတက် လူစည်ကားချိန် ရထားပေါ် ဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်ရတဲ့ အခြေအနေ အမြင့်ဆုံး အနေအထားကို ဝန်ကြီးချုပ် ထရီစာမေက တိုးမြှင့် သတ်မှတ် လိုက်ပါတယ်။

နောက်ထပ် တိုက်ခိုက်မှု တခု ထပ်ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားတယ်လို့ မစ္စမေက ပြောပါတယ်။

လမ်းတွေပေါ်မှာ ရဲတွေ ပိုချထားမှာ ဖြစ်ပြီး အရေးပါတဲ့ နေရာတွေမှာ ရဲအစား စစ်တပ်ကို ချထားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရထားပေါ်မှာ ပေါက်ကွဲခဲ့တဲ့ဗုံးဟာ လက်လုပ်ဗုံး အမျိုးအစား ဖြစ်ပြီး အပြည့်အဝ ပေါက်ကွဲမှု မဖြစ်ခဲ့ဘူးလို့ လုံခြုံရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

အခင်းဖြစ်ပွားမှုကြောင့် လူသုံးဆယ်ကျော် ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ် ရတဲ့ အခြေအနေ မရှိဘူးလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သူတို့ လက်ချက် ဖြစ်တယ်လို့ အိုင်အက်စ် အဖွဲ့ က ပြောပါတယ်။

ပြင်သစ်နိုင်ငံ အရှေ့ပိုင်း Burgundy ဘာဂန်ဒီ ဒေသမှာ ပုဆိန် ကိုင်ထားတဲ့ လူက အမျိုးသမီးနှစ်ယောက်ကို တိုက်ခိုက်ခဲ့တာကြောင့် ရဲက သူ့ကို လိုက်ရှာနေပါတယ်။

လူမျိုးပေါင်းစုံ နေထိုင်တဲ့ Chalon-sur-Saône ရှလွန်း ဆူရီ ဆာအွန်း ကနေ ဆယ့်ငါးမိနစ်လောက် သွားရတဲ့ နေရာမှာ အဲဒီလူက အာရပ်ဘာသာနဲ့ "Allahu Akbar" အလာဟူ အက်ဘာလို့ အော်ဟစ်ခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ အမျိုးသမီးတွေဟာ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တာ မရှိလို့ ဆေးရုံက ဆင်းသွားပြီ ဖြစ်ပေမယ့် ဒီဖြစ်ရပ်ကို အကြမ်းဖက် တိုက်ခိုက်မှု အဖြစ် ယူဆရဖွယ် ရှိတယ်လို့ ပြင်သစ် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

အစောပိုင်းတုန်းကလည်း ပဲရစ်မြို့လယ်က မြေအောက် ရထား ဘူတာရုံ တခုနားမှာ စစ်သား တယောက်ကို ဓါးနဲ့ တိုက်ခိုက်ခဲ့လို့ လူတယောက်ကို ဖမ်းထားတယ်လို့ သတင်းရရှိပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်သားကတော့ ထိခိုက် ဒဏ်ရာရတာ မရှိခဲ့ဘူးလို့ သိရပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဗြိတိန်နဲ့ ပြင်သစ်မှာ တရက်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ ဗြိတိန်နဲ့ ပြင်သစ်မှာ တရက်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုများ Reviewed by THITHTOOLWIN on 07:22 Rating: 5
Powered by Blogger.