မော်လမြိုင်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၂ လုံး ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး ဆုံးရှုံး


မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သီရိမင်္ဂလာရပ်ကွက်တွင် စက်တင်ဘာ ၁၁ ရက်၊ နံနက်(၉)နာရီဝန်းကျင်က မီး လောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်(၂)လုံး၊ ကား(၁)စီးနှင့် ဆိုင်ကယ်(၁)စီးဆုံးရှုံးခဲ့ရကြောင်း မော်လမြိုင်ခရိုင်၊ မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

 “ပထမတော့ မြို့နယ်မီးသတ်စခန်းက ယာဉ်တွေထွက်တယ်။ နောက်ပိုင်းမှာ မီးများတဲ့အတွက် ခရိုင်စခန်းက ယာဉ်တွေပါ ထွက်သွားတယ်။ ဒါကြောင့် အခုမီးလောင်မှုကို Level (2)အဆင့်လို့ သတ်မှတ်တယ်။”ဟု မော်လမြိုင်ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးရဲအောင်က ပြောသည်။

 မော်လမြိုင်မြို့၊ သီရိမင်္ဂလာရပ်ကွက်၊ သီရိမင်္ဂလာ(၁၆)လမ်း၊ အိမ်အမှတ်(၈၀၁)၊ သွပ်မိုး၊ ပျဉ်ခင်းပျဉ်ကာနေအိမ် ရှိ မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယင်းအိမ်ရှိ Honda Fit ကားတစ်စီး၊ ဆိုင်ကယ် တစ်စီးနှင့် အတွင်းပစ္စည်းများလောင်ကျွမ်းခဲ့သည့်အပြင် အနီးရှိဖက်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံးအား မီးထပ်မံကူးစက်၍ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

“မီးလောင်မှုကိုကြားကြားချင်းပဲ ကျွန်တော်တို့အဖွဲ့ထွက်လာခဲ့တယ်။ မီးသတ်တပ်ဖွဲ့တွေနဲ့အတူ မီးကူဝိုင်းသတ် ပေးခဲ့တယ်။ အိမ်က အိမ်ရှင်မရှိဘူး၊ သူ့အစ်မပဲရှိတယ်။ ကလေးကျောင်းသွားပို့နေတဲ့အချိန် မီးလောင်မှုဖြစ်သွား တာ အဲဒီအိမ်ကအပေါင်ခံတဲ့အိမ်လို့ ဘေးပတ်ဝန်းကျင်ကလူတွေပြောလို့ သိရတယ်။ ပစ္စည်းတော်တော်များများ မီးထဲပါသွားတယ်။”ဟု မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုဇင်မိုးကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်(၈၇)သိန်းကျော်ရှိခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ နေအိမ် တွင်နေထိုင်သူ ဒေါ်ဝေဝေနွယ်(၄၇)နှစ်အား မုပွန်နယ်မြေရဲစခန်းက (ပ)၄၃၇/၂၀၁၇၊ မီးလောင်မှုဥပဒေပုဒ်မ-၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

“မီးလောင်တာက နွေ၊ မိုး၊ ဆောင်းရာသီ(၃)ခုလုံးမှာ ဖြစ်နိုင်တယ်။ ပွင့်လင်းရာသီရောက်ရင် ခြောက်သွေ့မှုပိုများ တော့ မီးလောင်ဖို့ ဖြစ်နိုင်ခြေပိုများတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ မီးအသုံးပြုမှုကို ပိုပြီးဂရုစိုက်ဖို့ လိုအပ် ပါတယ်။”ဟု မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲအောင်ကပြောသည်။

မီးလောင်မှုဖြစ်ပွားရာနေရာသို့ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်တစ်စီး၊ မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ ရေသယ်ယာဉ်(၄)စီး၊ မီးသတ်တပ်ဖွဲ့ဝင်(၆၀)ဦး၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဘိုဘိုဝင်း အရေး ပေါ်ကယ်ဆယ်ရေးအဖွဲ့၊ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ နယ်မြေ(၁၆)အရေးပေါ် ကယ်ဆယ် ရေးအဖွဲ့တို့က မီးသတ်တပ်ဖွဲ့နှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/
မော်လမြိုင်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၂ လုံး ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး ဆုံးရှုံး မော်လမြိုင်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၂ လုံး ကား ၁ စီး၊ ဆိုင်ကယ် ၁ စီး ဆုံးရှုံး Reviewed by THITHTOOLWIN on 20:31 Rating: 5
Powered by Blogger.