တရုတ် တည်ဆောက်မဲ့ ရွှေလီတံတား နမ့်ခမ်းစီမံကိန်းကို ဒေသခံတွေကန့်ကွက်

တရုတ်မြန်မာ နယ်စပ် နမ့်ခမ်းမြို့နယ်အတွင်းက ရွှေလီမြစ်တနေရာ
တရုတ်မြန်မာ နယ်စပ် နမ့်ခမ်းမှာ ရွှေလီမြစ်ကူးတံတားသစ်ကို တရုတ်ဘက်က တည်ဆောက်ဖို့ ပြင်ဆင်နေပြီး ဒေသခံတွေကလည်း ကန့်ကွက်မှုတွေ ရှိနေပါတယ်။

စီမံကိန်းကြောင့် ဒေသခံ မိသားစု ၉၀ဝ လောက် နေရပ်ရွှေ့ပြောင်းပေးရမဲ့ အရေးကြောင့် ကန့်ကွက်မှုတွေ ရှိနေတာပါ။

နမ့်ခမ်းမြို့နယ်နဲ့ တရုတ်နိုင်ငံဘက်ခြမ်းက နောင်တောင်းဒေသတို့ကို ဆက်သွယ်ဖို့ တံတားတည်ဆောက်မယ်ဆိုပြီး စီမံကိန်း တည်ဆောက်ခွင့်ရထားတယ်ဆိုတဲ့ တရုတ်ကုမ္ပဏီဘက်က တာဝန်ရှိသူတွေက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက နမ့်ခမ်းမြို့နယ်အတွင်းက ကျေးရွာတွေကို လာရောက်လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပြီး မကြာခင်မှာပဲ တည်ဆောက်ရေး လုပ်ငန်းစတင်မယ်လို့ ဒေသခံတွေကို ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဒေသခံတွေက ကန့်ကွက်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

တံတားစီမံကိန်းကြောင့် နေအိမ်တွေ ရွှေ့ပေးရမဲ့ မန့်ဟောင်းရွာက ဘုန်းတော်ကြီးကျောင်းမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ဒေသခံလူထုတွေ စုဝေးပြီး စီမံကိန်းကို ကန့်ကွက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

တံတားစီမံကိန်းနဲ့အတူ စိုက်ပျိုးမွေးမြူရေးဇုံစီမံကိန်းဆိုတာလည်း ပါဝင်တယ်လို့ ဆိုကြပြီး စီမံကိန်းအကောင်ထည်ဖော်ဖြစ်မယ်ဆိုရင် မန့်ဟောင်း ၊ နောင်းဝိမ်း ၊ နောင်ခမ်း စတဲ့ ရွာသုံးရွာက အိမ်တွေ ဖယ်ပေးရမှာဖြစ်ပြီး ဒေသခံတွေရဲ့ ထောင်နဲ့ချီတဲ့ လယ်မြေတွေလည်း ဆုံးရှုံးဖွယ်ရှိနေတာပါ။

စီမံကိန်းနဲ့ပတ်သက်လို့ အစိုးရဘက်က ဒေသခံတွေကို ဘာမှ ကြိုတင်ညှိနှိုင်းပြာဆိုထားတာ မရှိတာကြောင့် ရွာသားတွေစုရုံးပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတာဝန်ရှိသူတွေ တွေ့ဆုံဖို့ ကြိုးစားနေကြပေမဲ့ စက်တင်ဘာလ ၂၅ ရက်နေ့အထိတော့ တွေ့ဆုံခွင့်မရသေးပါဘူး။ ရွာသားတွေကတော့ တဆင့်ပြီးတဆင့် ကန့်ကွက်ဖို့ ပြင်ဆင်နေကြတာပါ။

နမ့်ခမ်းဒေသက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်ကတော့ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်ကလည်း အခုလို တံတားဆောက်မဲ့ အသံတွေထွက်လာခဲ့ဖူးပြီး ဒေသခံတွေဘက်က ကန့်ကွက်တာတွေ ရှိလာတာကြောင့် ပြန်လည်ငြိမ်သက်သွားခဲ့ပြီး အခုမှ သတင်းပြန်ထွက်လာတာလို့ ဘီဘီစီကို ပြောပါတယ်။

ရှမ်းပြည်နယ်အစိုးရ ပြောခွင့်ရ ဦးစိုးညွှန့်လွင်ကတော့ မူဆယ်-ရွှေလီအပိုင်းအပါဝင် ရှမ်းမြောက်နဲ့ တရုတ်နယ်စပ်မှာ တရုတ်နဲ့မြန်မာအကြား ကုန်သွယ်ရေးဇုံအပါဝင် စီမံကိန်းတချို့အကောင်ထည်ဖော်ဖို့ သဘောတူထားပြီး အခု နမ့်ခမ်းတံတားစီမံကိန်းနဲ့ပတ်သက်မှု ရှိမရှိဆိုတာ ပြည်နယ်အဆင့်က မသိရှိကြောင်း ဘီဘီစီကို ပြောပါတယ်။

နမ့်ခမ်းမြို့ရဲ့ ရွှေလီမြစ်တဘက်ကမ်းမှာရှိတဲ့ နောင်တောင်းမြို့မှာတော့ တရုတ်မြန်မာမဟာဗျူဟာလမ်းကြောင်း ( ပိုလမ်းမခါးပတ် အတွက် ) ၆ လမ်းသွားလမ်းတွေ ဖောက်လုပ်ပြီးစီးနေပြီဖြစ်ပါတယ်။ တရုတ်မြန်မာ နယ်စပ်အရေးလေ့လာသူတွေကတော့ နမ့်ခမ်းမြို့ဟာ တရုတ်မြန်မာ မဟာဗျူဟာလမ်းကြောင်းပေါ်မှာ ကျရောက်နေတဲ့ မြို့ဖြစ်တယ်လို့ ပြောကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
တရုတ် တည်ဆောက်မဲ့ ရွှေလီတံတား နမ့်ခမ်းစီမံကိန်းကို ဒေသခံတွေကန့်ကွက် တရုတ် တည်ဆောက်မဲ့ ရွှေလီတံတား နမ့်ခမ်းစီမံကိန်းကို ဒေသခံတွေကန့်ကွက် Reviewed by THITHTOOLWIN on 16:28 Rating: 5
Powered by Blogger.