တောင်ပြိုမြို့မှ ပြောင်းရွှေ့လာသူ လူပေါင်း ၁၀၀၀ ကျော် မောင်တောမြို့ပေါ်သို့ ရောက်ရှိ


နိရဉ္စရာ၊ စက်တင်ဘာ ၁၀

မြန်မာနိုင်ငံ အနောက်ဘက်အစွန်ဆုံး မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုမြို့တွင် ပိတ်မိနေသူ လူပေါင်း ၁၀၀၀ ကျော်အား ယနေ့နံနက်က ကားများဖြင့် ပြောင်းရွှေ့လာရာ ညနေ ၆ နာရီခန့်တွင် မောင်တောမြို့ပေါ်သို့ ရောက်ရှိလာကြောင်း နံသာတောင် ဆရာတော် ဦးစာရဏမှ နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။


“ လူပေါင်း ၁၂၀၀ လောက်ပါလာပါတယ်။ စစ်တပ်က လော်ရီကားကြီး ၈ စီး၊ အရပ်သားကား ၄ စီး၊ စုစုပေါင်း ၁၂ စီး သယ်ယူလာတာပါ။ အဓိက ပြောင်းရွှေ့လာရတာက လုံခြုံရေး စိတ်မချရလို့ပါ။ မနက်ဖြန် ၁၁ ရက်နေ့မှာ တောင်ပြိုကို ဘင်္ဂလီအကြမ်းဖက်သမားတွေက လူအုပ်နဲ့ ၀ိုင်းတိုက်မယ်ဆိုပြီး သတင်းရတဲ့ အတွက် လုံခြုံရေး ပိုကောင်းမွန်တဲ့ မောင်တောကို ရွှေ့လာရတာပါ” ဟု ဦးဇင်း စာရဏက မိန့်ကြားသည်။


၎င်းပြင် တောင်ပြိုတွင် စားနပ်ရိက္ခာလည်း အခက်အခဲရှိသဖြင့် ထိုအခြေအနေနှစ်ရပ်ကြောင့် မောင်တောသို့ ပြောင်းရွှေ့လာရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“ နံ့သာတောင်ကျောင်းက ကျောင်းသား ကျောင်းသူ ၃၇၅ ယောက်နဲ့ နံတောင်ရွာသားတွေ အပါအ၀င် လူပေါင်း ၅၀၀ ကျော်ကိုတော့ မောင်တော မြို့ပေါ်မှာ နေရာချပေးထားပါတယ်။ ကျန်တဲ့လူတွေကိုတော့ မောင်တော သာသနာဗိမာန်မှာနေရာချပေးထားပါတယ်” ဟု ပြောကြားသည်။

ယခုပြောင်းရွှေ့လာကြသူများ အထဲတွင် တောင်ပြိုကသာမက တမန်းသား၊ သာယာကုန်း၊ သင်္ဘောလှနှင့် နံသာတောင်မှ ကျေးရွာသားများလည်း ပါဝင်သည်ဟု သိရသည်။

တောင်ပြိုတွင် တစ်ခြားကျန်နေသေးသူများလည်းရှိနေပြီး အောင်သပြေနှင့် ဗန္ဓုလ ကျေးရွာတို့တွင်လည်း ပိတ်မိနေသူများကို ပြောင်းရွှေ့ရန် လိုအပ်နေကြောင်း သိရှိရသည်။

(ဓာတ်ပုံ- ဦးစာရဏ)
Narinjara
https://www.facebook.com/Narinjara
တောင်ပြိုမြို့မှ ပြောင်းရွှေ့လာသူ လူပေါင်း ၁၀၀၀ ကျော် မောင်တောမြို့ပေါ်သို့ ရောက်ရှိ တောင်ပြိုမြို့မှ ပြောင်းရွှေ့လာသူ လူပေါင်း ၁၀၀၀ ကျော် မောင်တောမြို့ပေါ်သို့ ရောက်ရှိ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.