ဦးကိုနီအမှုအတွက် တရားခံပြေးအောင်ဝင်းခိုင်အိမ်ကို ရှာဖွေရာတွင် ပါဝင်ခဲ့သူများကိုစစ်ဆေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံတဲ့ သေနတ်သမား ကြည်လင်း အပါအဝင် (၄)ဦးကို စက်တင်ဘာ(၂၂)ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး တရားခံပြေးအဖြစ် ကြေညာထားတဲ့ အောင်ဝင်းခိုင်ရဲ့ နေအိမ်ကို ရှာဖွေရာမှာ ပါဝင်ခဲ့တဲ့ ရဲအရာရှိ(၃)ဦးနဲ့ အရပ်သားသက်သေ (၂)ဦးတို့ကို စစ်ဆေးခဲ့ပါတယ်။

 အခုရုံးချိန်းမှာ အောင်ဝင်းခိုင်အိမ်ကို ရှာဖွေရာမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မှုခင်းအကူတပ်ဖွဲ့ခွဲမှ ရဲအုပ်အောင်ကိုကို၊ ဒုရဲအုပ်ဇော်ဝင်းနိုင်နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စောမြိုင်အုန်း၊ ဒေါပုံမြို့နယ်၊ ဝါဆိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနဲ့ ရာအိမ်မှူးဦးမြခိုင်တို့ကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

 အောင်ဝင်းခိုင်ရဲ့အိမ်မှာ မြန်မာရီဗျူး ဂျာနယ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေနဲ့ ရောင်ဝါဖြိုးကုမ္ပဏီနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့ကြောင်း တရားလိုပြသက်သေရဲအုပ်အောင်ကိုကိုက ထွက်ဆိုခဲ့တယ်လို့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ အခုရုံးချိန်းမှာ အမှုနဲ့ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ဇေယျာဖြိုးက သူ့ရဲ့ ကုမ္ပဏီလုပ်ငန်းဆိုင်ရာ စပါယ်ရှယ်ပါဝါ ကိုယ်စားလှယ်လွှဲစာကို သက်ဆိုင်ရာ လုံခြုံရေးအရာရှိတွေရဲ့ ရှေ့မှာမဟုတ်ဘဲ တရားခွင်မှာ ပုန်းလျှိုးကွယ်လျှိုး လက်မှတ်ရေးထိုးခဲ့တဲ့အတွက် အဲဒီကိစ္စအထူးခုံရုံးကို တင်ပြခဲ့တယ်လို့လည်း ဦးရောဘတ်စန်းအောင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

 ဥပဒေလုပ်ထုံး လုပ်နည်းအရ အဲဒီလို ကိုယ်စားလှယ်လွှဲစာတွေကို လက်မှတ်ရေးထိုးရာမှာ သက်ဆိုင်ရာ၊ ထောင်(သို့မဟုတ်)အချုပ်တာဝန်ခံအရာရှိတွေ ရှေ့မှောက်မှာပဲ လက်မှတ်ရေးထိုး ရတာ ဖြစ်ပေမယ့်လည်း ဥပဒေနဲ့အညီ မဆောင်ရွက်တာကြောင့် အထူးခုံရုံးကို တင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ အမှုသည်တွေနဲ့ ဆက်သွယ်ဆောင်ရွက်လိုတဲ့အခါမှာ သက်ဆိုင်ရာ လုံခြုံရေးအရာရှိကနေတစ်ဆင့်ဆက်သွယ်ဖို့ အထူးခုံရုံးက ဇေယျာဖြိုးရဲ့ရှေ့နေကို ညွှန်ကြားလိုက်တယ်လို့ မြောက်ပိုင်းခရိုင်တရားရုံးမှ ဒုတိယတရားသူကြီး ဦးရဲလွင်က ပြောပါတယ်။

အဲဒီအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေဦးရေ (၈၀)တင်ထားရာမှာ (၃၈)ဦးကို စစ်ဆေးပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ဦးကိုနီလုပ်ကြံခံရမှုမှာ အခုစစ်ဆေးတဲ့ လူသတ်မှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၄/ ၂၁၂၊ မြောက်ပိုင်းခရိုင်တရားရုံး ရာဇဝတ်ကြီးအမှုအမှတ် (၄၅/၂၀၁၇)နဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ကျူးလွန်သူတွေအဖြစ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က သီဟစိုးလွင်က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
ဦးကိုနီအမှုအတွက် တရားခံပြေးအောင်ဝင်းခိုင်အိမ်ကို ရှာဖွေရာတွင် ပါဝင်ခဲ့သူများကိုစစ်ဆေး ဦးကိုနီအမှုအတွက် တရားခံပြေးအောင်ဝင်းခိုင်အိမ်ကို ရှာဖွေရာတွင် ပါဝင်ခဲ့သူများကိုစစ်ဆေး Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.