အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော

မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက်တူးဖော်ရရှိသည့် ရုပ်အလောင်းများကို စက်တင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံများ - ဖြိုးသီဟချို/Myanmar Now)
မောင်တောဒေသခံတို့ကို ဖမ်းဆီးသတ်ဖြတ်သူတို့မှာ မျက်နှာဖုံးစွပ် ရိုဟင်ဂျာများဖြစ်ကြောင်း Reuters သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ် မြှုပ်နှံမှုများမှာ ရိုဟင်ဂျာ အကြမ်းဖက်သမားတို့၏ လက်ချက်ဖြစ်သည်ဟု ကိုယ်တွေ့ကြုံခဲ့ရသော အမျိုးသမီးများက ပြောဆိုကြောင်း Reuters သတင်းဌာနက စက်တင်ဘာ ၂၈ ရက်နေ့တွင် ရေးသားလိုက်သည်။

ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော ထိုအမျိုးသမီးတို့ကို သြဂုတ်လကုန်ပိုင်းက မေးမြန်းရာ ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ဗုဒ္ဓဘာသာရခိုင်များက သတ်သွားကြောင်း ဖြေဆိုခဲ့သည်။

သို့ရာတွင် ထိုကဲ့သို့ပြောဆိုသော အမျိုးသမီးထဲမှ ၃ ဦးကို လွန်ခဲ့သော ရက်ပိုင်းအတွင်း ထပ်မံမေးမြန်းရာ ရရှိသည့် အဖြေများက ဆန့်ကျင်ဘက် ဖြစ်နေသည်။


သူတို့ကို ဘင်္ဂလားဒေ့ရှ်သို့ ခေါ်ဆောင်လာသူတို့က ခြိမ်းခြောက်ပြောဆိုထားကြောင်း၊ ဟိန္ဒူများ သေဆုံးမှုနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်က မေးမြန်းလာလျှင် ဗုဒ္ဓဘာသာများက သတ်သည်ဟု ဖြေရမည်ဟု မှာကြားထားကြောင်း ၎င်းတို့က ပြောပြသည်။

သူတို့ ၃ ဦးအား သီးခြားစီ မေးမြန်းရာတွင် ပြောဆိုချက်များ အလွန် တူညီနေသည်ကို တွေ့ရှိရသည်။
သြဂုတ်လ ၂၅ ရက်နေ့တွင် မျက်နှာဖုံးစွပ်အမျိုးသားများက သူတို့ ၃ ဦးနှင့် အခြားဟိန္ဒူဘာသာဝင် ၁ဝဝ ခန့်ကို ခေါ်ဆောင်သွားကြောင်း၊ ထိုနေရာမှ ယခု ရုပ်အလောင်းများ အစုလိုက် အပြုံလိုက်မြုပ်နှံထားသည့်နေရာ ဖြစ်ကြောင်း ပြောပြကြသည်။


ထိုမျက်နှာဖုံးစွပ် လူများထဲမှ တချို့မှာ ရိုဟင်ဂျာ မွတ်စလင်များ ဖြစ်သည်ဟု နောက်ပိုင်းတွင်သိရှိခဲ့ကြောင်း၊ မောင်တောတွင် ဟိန္ဒူနှင့် မူစလင်များပါသုံးကြသည့် ဒေသန္တရဘာသာစကားအပြင်၊ သူတို့နားမလည်သော ဘာသာစကားများကို ပြောဆိုနေသည်ကိုလည်း ကြားခဲ့ရကြောင်း ထိုအမျိုးသမီး ၃ ဦးတို့က ဆိုသည်။
“ခေါ်လာတဲ့တစ်ယောက်ချင်းစီကို လက်နောက်ပြန် ကြိုးတုတ်တယ်၊ ခြေထောက်တွေကိုလည်း ကြိုးတုပ်တယ်။ ပြီးတော့ ကြိုးတုပ်ခံရတဲ့သူအားလုံးကို လည်လှီးပြီး၊ ကျင်းထဲမြှုပ်ပစ်တယ်” ဟု ၎င်းတို့ထဲမှ အသက် ၂၂ အရွယ် ဗီနာဗလက ပြောသည်။

၎င်းတို့အပါအဝင် ခေါ်ဆောင်ခံရသည့် အမျိုးသမီးများကို အစ္စလာမ်ဘာသာကူးပြောင်းမည်ဟု ကတိပြုစေပြီးနောက် အသက်ချမ်းသာပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ARSA အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် သေဆုံးသွားသူတို့၏ ရုပ်အလောင်း စုစုပေါင်း ၄၅ ခု တူးဖော် တွေ့ရှိထားပြီး ကျန်ရုပ်အလောင်းများကို ဆက်လက် ရှာဖွေနေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၅ ညနေပိုင်းတွင် ပြောသည်။

ဟိန္ဒူတို့သည် ရခိုင်ပြည်နယ်တွင် အလွန်သေးငယ်သော လူနည်းစုသာဖြစ်ပြီး ယခုကဲ့သို့ ဖြစ်ပေါ်လာသော အရေးအခင်းတွင် အဘယ်ကြောင့် ရက်ရက်စက်စက် အသတ်ခံရခြင်း ဖြစ်ကြောင်း ရှင်းလင်းမှုမရှိပေ။
လူပေါင်းစုံ၊ အဖွဲ့ပေါင်းစုံက ယခုအကြောင်းအရာနှင့်ပတ်သက်၍ အဖြေအမျိုးမျိုးပေးနေသည်။ သြဂုတ်လကုန်ပိုင်း ရဲစခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ARSA အဖွဲ့ကမူ မောင်တောရှိ ဟိန္ဒူများကို ၎င်းတို့မသတ်ကြောင်း ငြင်းဆိုထားသည်။

မောင်တောရှိဒေသခံရွာသားတချို့၏ ပြောပြချက်အရ ဟိန္ဒူများသည် အစိုးရဘက်ပါပြီး၊ အစိုးရသူလျှိုအဖြစ် လုပ်ကိုင်နေကြောင်း ARSA အဖွဲ့က သင်္ကာမကင်းဖြစ်နေခဲ့သည်ဟု ဆိုသည်။

ကိုးကား - Reuters

Myanmar Now
https://www.facebook.com/myanmarnownews
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော Reviewed by THITHTOOLWIN on 18:54 Rating: 5
Powered by Blogger.