မူးယစ်ဆေးလွန်သည်ဟု ယူဆရသော အခြေအနေမျိုးဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး


စက်တင်ဘာ ၁၁

 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ၀န်းသိုဘုန်းကြီးကျောင်းတိုက်အတွင်းရှိ အများသုံး အိမ်သာတွင် မူးယစ်ဆေးလွန်သည်ဟု ယူဆရသော အခြေအနေမျိုးဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း မြစ်ကြီးနားမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါ ဖြစ်စဉ်သည် စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ၀န်းသိုဘုန်းကြီးကျောင်း တိုက်အတွင်းရှိ အိမ်သာတစ်လုံးထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းရရှိသဖြင့် မြစ်ကြီးနား မြို့မရဲစခန်းမှ တာဝန်ရှိသူများက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အများသုံး အိမ်သာ ဒုတိယခန်းအတွင်းတွင် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မြစ်ကြီးနားမြို့၊ စီတာပူ ရဲကင်းစခန်းတွင် အထွေထွေ တာဝန်ထမ်းဆောင်နေသော ရဲတပ်သား ကျော်ဇင် ဆိုသူ ဖြစ်ပြီး ထိုသူ သေဆုံးနေသည့် အခြေအနေမှာ ပြင်ပဒဏ်ရာ တစုံတရာ မရှိသော်လည်း အိမ်သာအတွင်းရှိ ရေကန်ဘောင်ပေါ်တွင် ဆေးထိုးအပ် တစ်ချောင်းနှင့် ရေကန်အောက်ခြေတွင် ကော်ဗူးခွံ တစ်ခုကို တွေ့ရှိရသဖြင့် မူးယစ်ဆေးဝါး ထိုးသွင်းနေစဉ် ဆေးလွန်ကာ သေဆုံးခဲ့သည်ဟု ထင်မြင်ယူဆရကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ ရရှိသည့် အချက်အလက်များအရ သိရသည်။

ရဲတပ်သား ကျော်ဇင်အား ရုံးထုတ်တာဝန် ထမ်းဆောင်ရန်အတွက် စက်တင်ဘာလ ၁၁ ရက်၊ နံနက် ၇ နာရီခွဲခန့်က စီတာပူရဲကင်းစခန်းမှ မြစ်ကြီးနားတရားရုံးသို့ စေလွှတ်ခဲ့ရာ တရားရုံးသို့ မသွားဘဲ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် အခြားသော တပ်ဖွဲ့ဝင် သူငယ်ချင်းများရှိရာ ၀န်းသိုဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး အိမ်သာတက်ရန် သွားရောက်ခဲ့ရာမှ နာရီဝက်ကျော်ကြာသည်အထိ ပြန်ထွက်လာခြင်း မရှိသောကြောင့် သွားရောက်ကြည့်ရှုရာ အထက်ပါအတိုင်း သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်အား မြစ်ကြီးနားမြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
မူးယစ်ဆေးလွန်သည်ဟု ယူဆရသော အခြေအနေမျိုးဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး မူးယစ်ဆေးလွန်သည်ဟု ယူဆရသော အခြေအနေမျိုးဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.