တစ်ရွာတည်းနေသူ ဇနီးဟောင်းနှင့် အချင်းများရာက ကိုင်းခုတ်ဓါးဖြင့် လေးချက်ဆင့် ခုတ်သတ်မှု ဖြစ်ပွား


ထီးချိုင့် - စက်တင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် တစ်ရွာတည်းအတူနေသူ ဇနီးဟောင်းကို ၅၃ နှစ်အရွယ် အဘိုးအိုမှ ကိုင်းခုတ်သည့်ဓါးဖြင့် လေးချင်ဆင့် ခုတ်သတ်မှုဖြစ်ပွားခဲ့ကြောင်း ထီးချုင့်မြို့မရဲစခန်းက သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက်မနက် ၉ နာရီအချိန်က ထီးချိုင့်မြို့နယ် ဇီသောင်ကျေးရွာအုပ်စု ဇီသောင်အရှေ့ရွာတွင် လူသတ်မှုဖြစ်ပွားနေကြောင်း ထီးချိုင့်မြို့မရဲစခန်းသို့
အကြောင်းကြားလာသဖြင့် စခန်းမှူး ဒုတိယရဲမှူး ရဲထွဋ်အောင်နှင့် အဖွဲ့မှ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးရာ မချိုချိုနိုင်ဆိုသူ အမျိုးသမီးမှာ ၄င်းနေအိမ်တွင် ဦးခေါင်းထိပ် အလယ်တည်းတည့်တစ်ချက်၊ ယာဘက်ပါးစောင်ရိုးတစ်ချက်၊ ယာဘက်လယ်ပင်းတစ်ချက်၊ ဝဲဘက်ညှပ်ရိုးတစ်ချက် စုစုပေါင်း ဓါးဒဏ်ရာလေးချက်ဖြင့် သေဆုံးနေကြောင်းသိခဲ့ရသည်။


အဆိုပါဖြစ်စဉ်ကို ဒုရဲမှူးရဲထွဋ်အောင်နှင့်အဖွဲ့က သေဆုံးသူ၏ အကိုနှင့် အနီးအနားပတ်ဝန်းကျင်အား ၄င်းအခင်းဖြစ်နေအိမ် လူဝင်လူထွက်များကို စုံစမ်းစေခဲ့ရာ အခင်းဖြစ်ချိန်နှင့် မရှေးမနှောင်းတွင် အသက်ကြီးကြီး အဘိုးကြီးတစ်ဦး ဓါးကိုင်၍ထွက်သွားသည်ကို မြင်လိုက်ရသည်ဟု မျက်မြင်သက်သေတစ်ဦးမှ ထွက်ဆိုခဲ့သည်။

၎င်းမျက်မြင်သက်သေ၏ ထွက်ချက်အရ ဓါးကိုင်ထွက်သွားသူမှာ တစ်ရွာတည်း အတူနေ အသက် ၅၃ နှစ်အရွယ် ၄င်း၏ ခင်ပွန်းဟောင်း မြတ်စိန်ဆိုသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိခဲ့ရသည်။

၎င်းရဲတပ်ဖွဲ့မှ လူသတ်၍တိမ်းရှောင်နေသူ မြတ်စိန်သွားလာနိုင်သည့် ဆွေမျိုးသားချင်းနေအိမ်များနှင့် ၄င်းသွားလာတတ်သည့်နေရာများကိုစုံစမ်းကာ အပူးတပြင်းပိတ်ဆို့ ရှာဖွေကြရာ ထီးချိုင့်မြို့နယ် ရွှေလီကျေးရွာထိပ် လယ်ကွင်းအတွင်း၌ တရားခံအား အခင်းဖြစ်သည့်နေ့ ညနေ ၆ နာရီ ဆယ်မိနစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒုတိယရဲမှူးရဲထွဋ်အောင်က ပြောသည်။

"ကျွန်တော်တို့ သတင်းရရချင်း မြို့နယ်မှူးအပါအဝင် ရဲအင်အားနှစ်ဆယ်လောက်နဲ့ ပိတ်ဆို့ရှာဖွေဖမ်းဆီးရေးလုပ်ခဲ့တာပါ။ ရွှေလီရွာထိပ်က လယ်ကွင်းထဲရောက်မှ တွေ့လို့ လုံးထွေးဖမ်းလိုက်ရတာပါပဲ။ ဘာအကြောင်းနဲ့ သတ်တယ်ဆိုတာကိုတော့ တရားခံကိုစစ်မေးနေတုန်းပါခင်ဗျ။"ဟု ၄င်းအရာရှိကပြောသည်။

အဆိုပါတရားခံအား သေဆုံးသူ၏မောင် ဦးထွန်းရီမြင့်မှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ဒုတိယရဲမှူး ရဲထွဋ်အောင်က ထီချိုင့်မြို့ရဲစခန်း(ပ)၂၈၆/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်လေး ငယ်ငယ်
https://www.facebook.com/mgmglay.ngenge
တစ်ရွာတည်းနေသူ ဇနီးဟောင်းနှင့် အချင်းများရာက ကိုင်းခုတ်ဓါးဖြင့် လေးချက်ဆင့် ခုတ်သတ်မှု ဖြစ်ပွား တစ်ရွာတည်းနေသူ ဇနီးဟောင်းနှင့် အချင်းများရာက ကိုင်းခုတ်ဓါးဖြင့် လေးချက်ဆင့် ခုတ်သတ်မှု ဖြစ်ပွား Reviewed by THITHTOOLWIN on 06:55 Rating: 5
Powered by Blogger.