အိန္ဒိယအမျိုးသမီး သတင်းသမား အသတ်ခံရ

 ဂေါ်ရီလန်ကေ့ခ်ျကို အကြောက်အရွံ့မဲ့ သတင်းသမားအဖြစ် လူသိများ
အိန္ဒိယ အနောက်တောက်ပိုင်းက ကာနာတာကာ ပြည်နယ်မှာ ဟိန္ဒူ အမျိုးသားရေးဝါဒီတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ ထင်ရှားတဲ့ အမျိုးသမီး သတင်းစာဆရာမ တယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။

ပြည်နယ်မြို့တော် ဘန်ဂလောက နေအိမ်မှာ ဂေါ်ရီလန်ကေ့ခ်ျ အမည်ရှိ အသက် ၅၅ နှစ် အရွယ် အဲဒီ ဂျာနယ်လစ်ဟာ သွေးအိုင်ထဲမှာ လဲနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲက ဆိုပါတယ်။

မော်တော်ဆိုင်ကယ်နဲ့ ရောက်လာတဲ့ သေနတ်သမားတွေက သူ့ကို ဦးခေါင်းနဲ့ရင်ဘတ်တွေကို သေနတ်နဲ့ ပစ်ခတ်သွားတာပါ။ အသတ်ခံရတဲ့ အကြောင်းရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အစွန်းရောက် ဟိန္ဒူ အမျိုးသားရေးဝါဒီတွေဟာ အိန္ဒိယ သတင်းသမားတွေကို ပစ်မှတ်ထားလာတာတွေ တိုးလာနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

အပတ်စဉ်ထုတ် သတင်းစာ တစောင်ရဲ့ အယ်ဒီတာ ဖြစ်သူ ဂေါ်ရီလန်ကေ့ခ်ျ ဟာ အကြောက်အရွံ့မဲ့၊ ဘွင်းဘွင်း ပြောဆိုတတ်သူ အဖြစ် လူသိများသူ တယောက်ပါ။

အင်္ဂါနေ့ညပိုင်း သူ့ အိမ်ကို ပြန်အလာ အိမ်တံခါးပေါက် ဖွင့်နေတုန်းမှာ လူသတ်သမားတွေက သူ့ကို ပစ်ခတ်သွားတယ်လို့ ရဲက ထုတ်ပြန်ပါတယ်။ သူဟာ အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

လူသတ်မှု ဖြစ်ပွားခဲ့တဲ့ နေအိမ်ရှေ့မှာ ရဲတွေ စစ်ဆေးနေ
ဂေါ်ရီလန်ကေ့ခ်ျရဲ့ သွားလာလှုပ်ရှားမှုတွေကို သေနတ်သမား တွေက စောင့်ကြည့်နေခဲ့တာ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ယူဆထားပြီး လူသတ်မှုကို အမှုဖွင့် စုံစမ်းစစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပါပြီ။

အိန္ဒိယမှာ ဂေါ်ရီလန်ကေ့ခ်ျ သေဆုံးရမှုအတွက် ပြစ်တင်ရှုတ်ချတာတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပါတယ်။ ကာနာတာကာ ပြည်နယ် ဝန်ကြီးချုပ် ဆီဒါးရာမီရာက 'ဒါဟာ ဒီမိုကရေစီကို လုပ်ကြံတာပဲ' လို့ ခေါ်တွင်လိုက်ပါတယ်။

ဂေါ်ရီလန်ကေ့ခ်ျ ဟာ လူသိများတဲ့ မိသားစုကနေ မွေးဖွာလာသူ တဦးပါ။ ဖခင်ဖြစ်သူ လက်ဝဲယိမ်း ကဗျာဆရာနဲ့ စာရေးဆရာ ပက်ထရီကေ လန်ကေ့ခ်ျ တည်ထောင်ခဲ့တဲ့ လန်ကေ့ခ်ျ ပက်ထရီကေ သတင်းစာမှာ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သူပါ။ သူဟာ ထူးချွန်ဆုရ ဒါရိုက်တာ ကဗီးသာ လန်ကေ့ခ်ျနဲ့ မောင်နှမ တော်စပ်ပါတယ်။

ပူဆွေးနေတဲ့ ဆွေမျိုးများ
၂၀၁၆ ခုနှစ်တုန်းက အာဏာရ လက်ယာယိမ်း အိန္ဒိယပြည်သူ့ပါတီ (ဘီဂျေပီ) ရဲ့ ဒေသခံခေါင်းဆောင်တွေ အကြောင်း ဂေါ်ရီလန်ကေ့ခ်ျ ရေးခဲ့တဲ့ သတင်းတပုဒ် အတွက် အသရေဖျက်မှုနဲ့ တရားစွဲခံခဲ့ရပြီး ထောင် ၆ လ ပြစ်ဒဏ်ချမှတ်ခံခဲ့ရကာ သေဆုံးချိန်မှာ အာမခံနဲ့ အပြင်မှာ နေရင်း အယူခံဝင်နေတာပါ။

သူ့ မှာ အခြား ပုဂ္ဂိုလ်ရေးဆိုင်ရာ ရန်သူမရှိတဲ့ အတွက် အခုလို အသတ်ခံခဲ့ရတာက နိုင်ငံရေး အရင်းခံ ဖြစ်နိုင်ဖွယ် ရှိတယ်လို့ ထင်ရှားတဲ့ စာရေးဆရာ ကေ မရူလာဆီဒပါက သူ့ အမြင်ကို ဘီဘီစီကို ပြောပါတယ်။

ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်တဲ့ အိန္ဒိယ ဟာ ၂၀၁၇ ခုနှစ် ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့် အညွန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၆ မှာ ရပ်တည်နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
အိန္ဒိယအမျိုးသမီး သတင်းသမား အသတ်ခံရ အိန္ဒိယအမျိုးသမီး သတင်းသမား အသတ်ခံရ Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.