ကလောမြို့မရဲစခန်းတွင် ဆိုင်ကယ်(၁၁)စီး ခိုးမှုအား ဖော်ထုတ် အရေးယူထား


နေပြည်တော်၊ စက်တင်ဘာ ၇

ရှမ်းပြည်နယ်၊ ကလောမြို့၊ မြို့မရဲစခန်းတွင် ဆိုင်ကယ်(၁၁)စီး ခိုးယူမှုအား ဖော်ထုတ် အရေးယူထားကြောင်း သိရှိရသည်။

 ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ညက ကလော မြို့၊ နန်းတိုင်းကျေးရွာနေ ဦးနေဝင်း ၏ နေအိမ်ခြံဝန်းအတွင်းရပ်ထားသည့် ၁၄ယ/××××× Honda Dream အနက်ရောင်ဆိုင်ကယ်(၁)စီးမှာပျောက်ဆုံးသွားသဖြင့် အရေးယူပေးရန်တိုင်တန်း ချက်အရ ကလောမြို့မရဲစခန်း၌ အမှုဖွင့်စုံစမ်းခဲ့သည်။

 တရားခံဖမ်းဆီး ရမိရေးအတွက် တောင်ကြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲမြင့် ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ကလောမြို့မရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် ရဲသူရ ဦးစီး တပ်ဖွဲ့ဝင်များသည် ပိတ်ဆို့ရှာဖွေ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကလော-မိတ္ထီလာသွားလမ်း၊ ကလောမြို့နယ်၊ ဝက်ဖြူ ရေကျေးရွာအုပ်စု၊ မကွေကျေးရွာ၊ နတ်စင်အနီးတွင် ခိုးရာပါဆိုင်ကယ်နှင့်အတူ မိတ္ထီလာမြို့၊ ပြည်သာယာ(၃)လမ်းနေ သီဟနိုင်(ခ)အလီ(၁၉)နှစ်နှင့် တစ်လမ်းတည်းနေ ဖြိုးအောင်(ခ)မာလမ် (၂၁)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

 ဆက်လက်စစ်ဆေးချက်အရ ၎င်းတို့(၂)ဦးသည် မိတ္ထီလာမြို့တွင် နေထိုင်ကြသူများဖြစ်သော အရှည်ကြီး(ခ)ထွန်းထွန်း(၃၂)နှစ်၊ စလင်း(ခ)ယဉ်ထွေး(၂၆)နှစ်၊ အောင်ကျော်သိန်း(ခ)မဲကောင်(၁၉)နှစ်၊ လဗစ်(ခ)ကျော်သူဟန်(၂၀)နှစ်၊ ဝဏ္ဏ(ခ)စလင်း(၂၄)နှစ်၊ ချစ်ဦး(၂၃)နှစ်တို့နှင့်အတူ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဆိုင်ကယ်မျိုးစုံ(၁၁)စီးအား ခိုးယူထားကြောင်း စစ်ဆေးသိရှိရ၍ သက်သေခံဆိုင်ကယ်များလိုက်လံ သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်ကျူးလွန်သူများအား လိုက်လံဖမ်းဆီးအရေးယူ လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ကလောမြို့မရဲစခန်းတွင် ဆိုင်ကယ်(၁၁)စီး ခိုးမှုအား ဖော်ထုတ် အရေးယူထား ကလောမြို့မရဲစခန်းတွင် ဆိုင်ကယ်(၁၁)စီး ခိုးမှုအား ဖော်ထုတ် အရေးယူထား Reviewed by THITHTOOLWIN on 18:39 Rating: 5
Powered by Blogger.