ကွန်တိန်နာမော်တော်ကားတစ်စီး ၀ါယာရှော့မှ မီးလောင်


ခင်ဦး စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ခင်ဦး-ရေဦးကားလမ်း၊ မိုင်တိုင်အမှတ် (၆/၆)နှင့် (၆/၇)ကြား၊ ဂွေးကုန်းကျေးရွာအနီးတွင် စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီက (ISUZU) ဒိုင်နာကွန်တိန်နား မော်တော်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဇာနည်ထွန်းနှင့် အတူပါ တေဇာမောင်၊ ၀မ်ဆွေ့၊ အောင်မိုးသူတို့ မောင်းနှင်လာသော(ISUZU) ဒိုင်နာကွန်တိန်နား YGN-(6I-----)၊(၆)ဘီး အဖြူရောင်၊ MPTစတစ်ကာကပ် Online Shopping မော်တော်ယာဉ်သည် ရေဦးမြို့ဘက်မှ ခင်ဦးမြို့ဘက်သို့ မောင်းနှင်လာစဉ် ဂွေးကုန်းကျေးရွာ သုဿာန်ဇရပ်အနီးတွင် ဘတ္တရီရှော့ဖြစ်၍ ယာဉ်ရှေ့ခန်း ကူရှင်၊ ဒက်ဘုတ်၊ ရှေ့တာယာနှစ်လုံး၊ ဘတ္တရီနှစ်လုံး မီးလောင်ကျွမ်းခဲ့ရာ လူများထိခိုက်မှုကြောင်းသိရသည်။


အဆိုပါမီးလောင်ရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်၊ ရဲအုပ်ဝင်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ ခင်ဦးမြို့နယ်မီးသတ်ဦးစီး ဦးကျော်စိုးပိုင်နှင့် တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်တစ်စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာပြည်သူများ မီးဝိုင်းဝန်ငြိမ်းသတ်သဖြင့် ည(၈) နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် တန်ဖိုး(၆) သိန်းကျပ် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်မီးလောင်မှုကြောင့် ယာဉ်မောင်း ဇာနည်ထွန်း (၂၇)နှစ်၊ (ဘ) ဦးအုန်းမြင့်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့အား မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်းသိရသည်။


(ခင်ဦးစိုးဝေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကွန်တိန်နာမော်တော်ကားတစ်စီး ၀ါယာရှော့မှ မီးလောင် ကွန်တိန်နာမော်တော်ကားတစ်စီး ၀ါယာရှော့မှ မီးလောင် Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.