ရန်ကုန် - စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၉၆/၄ အနီး မင်းပြားမြို့နှင့် မြောက်ဦးမြို့အကြားတွင် စက်တင်ဘာလ (၁၉)ရက်နေ့ ညနေ (၆)နာရီ (၅၅)မိနစ်ခန့်က ခရီးသည်တင်ယာဉ်တစ်စီးနှင့် (၆)ဘီးယာဉ်တို့ ဖြတ်သန်းသွားစဉ် မိုင်းသုံးလုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရသည်။
ရန်ကုန်မှ စစ်တွေသို့ မောင်းနှင်လာသည့် ကစ္ဆပနဒီယာဉ်လိုင်းမှ ခရီးသည်တင်မော်တော်ယာဉ် တစ်စီးနှင့် (၆)ဘီးယာဉ်တစ်စီးတို့ အဆိုပါလမ်းပိုင်းတွင် ဖြတ်သန်းစဉ် အဝေးထိန်းမိုင်းယု ယူဆရသည့် မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် (၆)ဘီးယာဉ်၏ ရှေ့လေကာမှန်ကွဲသွားပြီး ကစ္ဆပနဒီယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်၏ ဘယ်ဖက်ဘေးမှန်လေးချပ်နှင့် နောက်မှန်တို့ ပျက်စီးသွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ နယ်မြေခံတပ်မှ တပ်မတော်သားများ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်စဉ်မှ ရရှိသောအချက်အလက်များအရ ဒေသန္တရ(လက်လုပ်မိုင်း) အဝေးထိန်းမိုင်းဖြစ်သည်ဟုသိရပြီး သက်ဆိုင်ရာက ဆက်လက်စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ခရီးသည်တင်ယာဉ်များအား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း တစ်ကြိမ်နှင့် မင်းပြားမြို့နယ်အတွင်း နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သတင်း၊ဓါတ်ပုံ - မောင်ယဉ်ကျေး
Tachileik News Agency
http://www.tachileik.net
ရန်ကုန် - စစ်တွေကားလမ်းတွင် ခရီးသည်တင်ယာဉ်အပါအဝင် မော်တော်ယာဉ်နှစ်စီး မိုင်းခွဲခံရ
Reviewed by THITHTOOLWIN
on
10:31
Rating:
