ရခိုင်အရေးအကောင်အထည်ဖော်ရေးကော်မတီ ရခိုင်ပြည်ရောက်ရှိ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်တွေ ဟာ ကျောက်တော်၊ စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တော မြို့နယ်တွေကို ဒီနေ့ကစပြီး ၂ ရက် ကြာ သွားရောက်လေ့လာမှာဖြစ်ပါတယ်။

၂ ရက်ကြာခရီးစဉ်အတွင်း ပြည်နယ်အစိုးရအဖွဲ့နဲ့လည်း ဆွေးနွေးသွားဖို့ရှိတယ်လို့ အကောင်အထည်ဖော်ဆောင် ရွက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

" ဒီနေ့ကစသွားတယ်၊ ဒီနေ့ကျောက်တော်၊ ကျောက်တော်ပြီး စစ်တွေ၊ စစ်တွေပြီးရင်နောက်နေ့ကျရင် ဘူးသီးတောင်၊ မောင်တော အဲဒါသွားမယ်၊ ၂၀ ရက်နေ့ ကျတော့ စုပေါင်းပြီးတော့ဆွေးနွေး မှာပေါ့၊ ပြည်နယ်အစိုးရအဖွဲ့နဲ့လေ၊ အဲမှာဆွေးနွေးပြီးတော့ ပြန်လာကြမှာပေါ့၊ ၂ ရက်ပါပဲ"

အဲဒီကော်မတီဟာ ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်ပြီး စစ်ဆေးခဲ့တဲ့ မောင်တောဒေသ စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချူပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး စုံစမ်းစစ်ဆေးခဲ့တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာတွေမှာပါတဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

အကြံပြုချက်တွေပေးစဉ်က မြေပြင်အခြေအနေနဲ့ လက်ရှိမြေပြင်အခြေအနေ ကွာခြားသွားတာကြောင့် လက်တွေ့အကောင်အထည်ဖော်နိုင်မယ့်ကိစ္စ၊ အကျိုးရှိမယ့်ကိစ္စတွေကို ဦးစားပေးဆောင်ရွက်လို့ ရအောင် အခုလိုသွားရောက်လေ့လာနေတာ ဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

သွားရောက်လေ့လာနေတဲ့ အဖွဲ့ဝင်တွေ ပြန်လာပြီး ၂ ပတ်အတွင်းမှာ ကော်မတီအစည်းအဝေး ပြုလုပ်ပြီး ဦးစားပေးအကောင်အထည်ဖော်မယ့်ကိစ္စတွေကို မဟာဗျူဟာတစ်ရပ်ချမှတ် အကောင်အထည်ဖော်သွား မှာ ဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။

ပြည်သူအကျိုးရှိဖို့၊ လက်တွေ့မြေပြင် အခြေအနေမှာ ဆောင်ရွက်နိုင်တဲ့ကိစ္စမျိုးတွေနဲ့ ရေရှည် အကျိုးရှိမယ့်ကိစ္စတွေ ကိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

ကော်မတီရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး တိုးတက်မှုအခြေအနေတွေကို ၄ လ တစ်ကြိမ် အများ ပြည်သူကို ထုတ်ပြန်ရမှာဖြစ်ပြီး ကော်မတီရဲ့ သက်တမ်းကာလကို သတ်မှတ်ထားတာ မရှိသေးဘူးလို့  သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရခိုင်အရေးအကောင်အထည်ဖော်ရေးကော်မတီ ရခိုင်ပြည်ရောက်ရှိ ရခိုင်အရေးအကောင်အထည်ဖော်ရေးကော်မတီ ရခိုင်ပြည်ရောက်ရှိ Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.