စစ်တွေ ဆတ်ရိုးကျ လူစုလူဝေးကို သေနတ်ပစ်ဖောက်ပြီး လူစုခွဲရ

(သေနတ်ပစ်ဖောက်မှုကြောင့် လူစုလူဝေး ခွဲသွားစဉ်။ ဓါတ်ပုံ - DMG)
စက်တင်ဘာ ၂၀ / DMG

စစ်တွေမြို့ ကယ်ဆယ်ရေးစခန်းအနီးရှိ ဆတ်ရိုးကျချောင်းတွင် ဘင်္ဂလီများထံသို့ တင်ပို့ရန် ပြင်ဆင်နေသည်ဆိုသော စက်လှေမှပစ္စည်းများကို ဖွင့်ဖောက်စစ်ဆေးရန် တောင်းဆိုရာမှ လူစုလူဝေးဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များမှ လူအုပ်ကြီးအား သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရကြောင်း DMG သတင်းထောက်က ဆိုသည်။

“ အဲဒီစက်လှေကို ထိန်းသိမ်းထားတာကတော့ နေ့လည်လောက်ကပါ။ ညနေ ၇ နာရီနောက်ပိုင်းမှာတော့ စက်လှေထဲမှာရှိတဲ့ ပစ္စည်းတွေကို ဖွင့်ဖောက်စစ်ဆေးဖို့ လူအုပ်တွေ ရောက်လာတယ်။ နောက်တဖြည်းဖြည်းနဲ့ များလာတယ်။ ၁၁ နာရီ ၂၀ လောက်မှာ သေနတ်ပစ်ဖောက်ပြီးတော့ လူစုခွဲပါတယ်။ ထိခိုက်ဒဏ်ရာတော့ မရရှိကြပါဘူး။ ” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာများ မရရှိကြသော်လည်း ဒေသခံ ၂ ဦးကိုတော့ ဖမ်းဆီးသွားသည်ကိုတွေ့လိုက်သည့် မျက်မြင်များရှိကြောင်း အခင်းဖြစ်ပွားသည့်နေရာတွင် သတင်းထွက်ပေါ်နေသည်။

အဆိုပါ စက်လှေနှင့် ပစ္စည်းများမှာ ICRC မှ ဘူးသီးတောင်မြို့နယ်သို့ ပို့ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားသည့်နေရာသို့ ရောက်ရှိနေသော ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ပစ်ဖောက်ပြီး လူစုမခွဲခင်ကပင် ရဲကား အစီး ၂၀ ခန့်နှင့် ရဲအင်အား ၅၀ ခန့်၊ မီးသတ်ကား ၇ စီးခန့် ရောက်ရှိနေကြောင်း DMG သတင်းထောက်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ပစ္စည်းများကို တင်ဆောင်လာသော ကားမှာ လမ်းမှားပြီး ကမ်းနားလမ်းကနေ ဟိုတယ်ဆင်းလမ်းအနီးသို့ ရောက်ရှိသွားသည့်အတွက် ဘင်္ဂလီများကို ပစ္စည်းပို့ရန်သွားသည်ဟုဆိုကာ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး ဆရာတော်ကြီးများနှင့် ရဲများက ထိန်းသိမ်းခဲ့ရသည်။

Development Media Group
https://www.facebook.com/dmgnewsagency/
စစ်တွေ ဆတ်ရိုးကျ လူစုလူဝေးကို သေနတ်ပစ်ဖောက်ပြီး လူစုခွဲရ စစ်တွေ ဆတ်ရိုးကျ လူစုလူဝေးကို သေနတ်ပစ်ဖောက်ပြီး လူစုခွဲရ Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.