![]() |
မန္တလေးမြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့ညက ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ ဆိုင်ကယ်တစ်စင်းကို တွေ့ရစဉ်။ ဓါတ်ပုံ - နေဝမ်းထွန်း ဖေ့စ်ဘွတ် |
အခင်းဖြစ်တဲ့နေရာမှာ စစ်ဆေးတွေ့ရှိချက်တွေအရ ဒီဖြစ်စဉ်ဟာ လက်ကိုင်ဖုန်းကို အသုံးပြုပြီး ဖောက်ခဲ့ဖို့အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ဖောက်ခွဲမှုဖြစ်စဉ်ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမြင့်တင် က ပြောပါတယ်။
မနေ့ည စက်တင်ဘာလ ၂၈ ရက်နေ့ ည ၉ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနဲ့ ၂၈ လမ်းဒေါင့်က သုံးဆယ်ဝင်းဓမ္မာရုံ ဘုရားပွဲအနီးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဘုရားပွဲလာသူတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိ ခဲ့ကာ ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒဏ်ရာရရှိသူ ဦးဇော်ဟိန်း ကိုတော့ မန္တလေးပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ဆေးကုသမှု ခံယူနေပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမှတ် ၈ မြို့မရဲစခန်းက ပေါက်ကွဲစေတတ်သောသတ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃ အရ အမှုဖွင့်စုံစမ်းနေတယ်လို့ သိရပါတယ်။
အခုလိုပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ လူစည်ကားရာနေရာတွေဖြစ်တဲ့ ဘုရားပွဲ၊ ကျောင်း၊ ဈေးနဲ့ ကားဂိတ်၊ ရထားဘူတာတွေမှာ လုံခြုံရေး တိုးမြှင့်ချထားမယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့က ဒီကနေ့ ထုတ်ပြန်ကြောငြာခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
မန္တလေးပေါက်ကွဲမှုဟာ ကြိုတင်စီမံပြီး ဖောက်ခွဲတဲ့အမှုဖြစ်တယ်လို့ အစိုးရထုတ်ပြန်
Reviewed by THITHTOOLWIN
on
18:19
Rating:
