"အသက်ဖြင့် ရင်း၍"


ဒေါက်တာချစ်ဝင်းလေး

'ဒီနေ့အတွက် တော်လောက်ပြီထင်'ဟု ပင်ပန်း၍ ညည်းတွားမိပြီး အနားယူမည်ဟု ကြံသေးသည်။ ဆေးရုံထဲသို့ လူ မှုကူညီရေးကားတစ်စီး 'တဝူးဝူး' ဖြင့် ဝင်ရောက်ခဲ့ပြန်ပေသည်။ ယနေ့ နံနက်မှ ခုထိ မွေးလူနာ ၃ ယောက်နှင့် နှစ်ပါး သွားခဲ့ရ၍ တော်တော်ပင်ပန်းခဲ့ရပြီ။ ရာသီဥတုကလည်း နဖူးကချွေး ခြေမကျသည်အထိ ပူအိုက်လွန်းလှသည်။

'မဗိုက် နောက်တစ်ယောက်မဖြစ်ပါစေနဲ့' ဆုတောင်းမိလေသည်။ ဆုတောင်းပြည့်မပြည့် ကားပေါ်မှ လူနာအောက် ရောက်လာမှသာ သိရပေတော့မည်။

'ဟော' ပါလာသောသူများ လူနာကို ပွေ့ချီ၍ အောက်သို့ချပေးနေကြပြီ။ ဗိုက်နှင့် မဟုတ်သည်တော့ မြင်ရသမျှ သေ ချာသလောက်ရှိနေ၍ ကြိတ်ပြီး ဝမ်းသာမည်ကြံသေးသည်။

'ဆရာရေ အဖော်ကျန်နေသေးလို့' ဟု ပါလာသောသူ တစ်ယောက်က ပြော၍ စိတ်မောရပြန်ပေပြီ။ ဆိုလိုသည်ကား ကလေးမွေးပြီးသော်ငြားလည်း အချင်းမကျ၍ ရောက်လာခြင်း မဟုတ်ပေလား။
'အောင်မလေး' တရပြန်ပေပြီ။ မွေးလူနာမွေးပေးပြီး၍ အမောဖြေမည်ဟု ကြံသေး ပိုအရေးကြီးသည့် လူနာထပ်ရောက် လာပြန်ပါလား။

'ကဲ ရဲဘော်တို့ အလုပ်လုပ်ဖို့သာပြင်ပေတော့' ဟူသော သဘောဖြင့် နွမ်းလျနေသော်လည်း တစ်ယောက်မျက်နှာ တစ် ယောက်ကြည့်ပြီး ပြုံးစိစိသာ ဖြစ်နေကြရပေသည်။

ဦးစွာ လူနာကို မွေးခန်းထဲထည့်ထားပေးရန် ကူမပေးကြသော သူများကို ပြောရပေသည်။ လူနာကြည့်မိပြန်သော် လည်း ပိန်ပိန်ပါးပါးနှင့် တစ်ကိုယ်လုံး ဖြူဖပ်ဖြူရော်ဖြင့် နှုံးချိနေပေသည်။ စကားပြောဖို့အင်အားမရှိသလောက် ဖြစ် နေခဲ့ပေပြီ။ သွေးပေါင်ချိန်ကလည်းကျ လူနာကလည်း မောဟိုက်နေသည်။ လိုအပ်သော ဆေးများသွင်းခြင်း သွေး စစ်ခြင်းအမှုပါ လုပ်ဆောင်နေရင်း မကျသေးသောအချင်းကို ကျအောင် ချပေးနိုင်ရေးတပြိုင်တည်း ဆောင်ရွက်ရပေသည်။

ဤအခြေအနေမျိုးတွင် ဆရာဝန် ဆရာမတိုင်းအတွက် အချင်းကျရေးသည် ဒို့အရေးပင်ဖြစ်နေပေမည်။ အချင်းကျ သွားမှသာ 'ဟင်းခနဲ' သက်ပြင်းချနိုင်ပေမည်။ လူနာအရေးသည် မိမိတို့အရေးပင်ဖြစ်သည်။ အချင်းကျအောင် ချပေး နိုင်ရေး လုံးပမ်းရပေတော့သည်။ အချင်းကို နှိုက်ထုတ်ပေးဖို့အရေး လူနာကို ဦးစွာရှင်းပြရပေသည်။ နာကျင်မှုဒဏ် ကိုလည်း နဲနဲခံစားရမည့်အကြောင်း အသိပေးရပေသည်။ လူနာ၏ ပူးပေါင်းမှုဖြင့် အချင်းကို အောင်မြင်စွာ ချပေးနိုင် ခဲ့သည်။ အချင်းချပြီးသာလျှင် ဖြစ်ကြောင်းကုန်စင်ကို စပ်စုရပေတော့မည်။

လူနာအတွက် စိတ်လောနေခဲ့၍ထင် အတူပါလာသော သားဖွားဆရာမကို မိမိသတိမထားမိခဲ့ပေ။ အချင်းချခြင်း ကိစ္စပြီးမှသာ ကျန်သောသူများကို သတိထားမိလာနိုင်၍ဖြစ်ပေမည်။

'ဆရာ လူနာက ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်းမှာ ဗိုက်တော့ လာအပ်ထားပါတယ် ဗိုက်နာနေတာကို မသိ လိုက်ဘူး သူတို့အိမ်မှာလက်သည်နဲ့မွေးနေကြတာ အချင်းမကျမှသာ သမီးကို လာခေါ်လို့ လိုက်ကြည့်ပေးတော့ သမီး လည်း ဆေးရုံကို တခါတည်း လွှဲလိုက်တာပါ' ဟု တရစပ်ပြောပြခဲ့ပါသည်။

သားဦးကိုယ်ဝန် အသက် ၂၀နှစ်ဖြစ်ပြီး ကိုယ်ဝန်သက် ၇လကျော်တွင် ဗိုက်နာ၍ အိမ်တွင် အရပ်လက်သည်ဖြင့်သာ ကြိတ်၍ ကလေးမွေးဖွားခြင်းကိစ္စကို ပြီးအောင်လုပ်ဆောင်မည် ဆုံးဖြတ်ထားပုံပေါ်သည်။ မရှုနိုင် မကယ်နိုင်မှသာ ဘေးအိမ်မှ အိမ်နားနီးချင်း မနေနိုင်သည့်အဆုံး သားဖွားဆရာမကို လာရောက်ခေါ်ဆောင်၍ ဆေးရုံသို့ ရောက်လာ ခြင်းပင်ဖြစ်သည်။

'ဗိုက်က ညဦးပိုင်းကတည်းက စနာပြီး မိုးလင်းခါနီးမှ အရပ်လက်သည်ခေါ်ပြီးတော့ မွေးဖွားခြင်းကို စတင်လုပ်ဆောင် ပေးသည်။ သားဦးကလေးကို နံနက် ၁၁ နာရီတွင် အောင်မြင်စွာ မွေးဖွားခဲ့ပြီး မွေပြီးပြီးခြင်းပင် မွေးကင်းစကလေးလေး အသက်မရှိရှာတော့ပေ။ မွေးပြီး တစ်နာရီကြာသော်လည်း အချင်းမကျ သွေးများသာ တလဟော ဆင်းခဲ့ပေသည်။

'သားဖွား ဆရာမ မခေါ်နဲ့နော်'ဟူသော အရပ်လက်သည်၏ စကားကို မြေဝယ်မကျနားထောင်ပြီး သားဖွားဆရာမ မ ခေါ်ပဲအိမ်တွင်သာ အချင်းမကျသေးသ၍ စောင့်စားနေခဲ့ကြသည်။ မွေးကင်းစကလေးလည်းဆုံး အသက်ရှင်နေသေး သော မွေးမိခင်၏ အသက်ကိုလည်း ထပ်ရင်းဖို့ စောင့်စားနေသည်ကို မကြည့်ရက်၍ အိမ်နီးချင်းမှ သားဖွားဆရာမ လာခေါ်သောအချိန်တွင် ညနေ (၄)နာရီရှိနေပေပြီ။

မသေကောင်း မပျောက်ကောင်း၍သာ အသက်ရှင်လျက် ဆေးရုံရောက်လာခြင်း ပင်ဖြစ်သည်။ ဆုံးရှုံးသွားသော သွေး အတွက် သွေးလှူရှင် အဆင်သင့်ရှိနေ၍လည်း အသက်ရှင်ဖို့အခွင့်အလမ်းပိုများလာခြင်းလည်း ဖြစ်ပေသည်။ မည်သူ့ ကိုမျှ အပြစ်တင်လိုခြင်း အလျဉ်းမရှိပါ။ မိမိတတ်နိုင်သလောက် စွမ်းဆောင်ပေးနေကြသည်ချည်းသာ။ သို့သော်လည်း အသက်နှင့်ရင်း၍ လုပ်ဆောင်ရသည့်အရာဖြစ်သည့်အတွက် မပေါ့ဆစေလိုပေ။ မိမိတတ်နိုင်သော အတိုင်းအတာကို ကျော်လွန်၍ တာဝန်မယူနိုင်ပါပဲ တာဝန်မယူစေလိုပါ။

ဤပုံ ဤနည်းဖြင့် အသက်ရင်းခဲ့ရသော မွေးမိခင်မည်မျှအထိရှိနေမည်ကို မိမိတို့ မသိနိုင်ပါ။ မိမိတို့ အသက်ရှင်ဖို့အ တွက် လုပ်သင့်လုပ်ထိုက်သည်များကို သိရှိတတ်ကျွမ်းနားလည်သူများနှင့် မေးမြန်းဆွေးနွေး တိုင်ပင် နည်းနာ ယူသင့် ပါသည်။ ဗဟုသုတရစေမည့် စာအုပ်စာပေများကိုလည်း ဖတ်သင့်ပါသည်။ သို့မှသာ အသက်မဆုံးရှုံးသင့်သည့် အရာ များမှ အသက်မဆုံးရှုံးခြင်းကို ရှောင်ရှားနိုင်ပေမည်။

မွေးမိခင်များ ရှောင်ရှားနိုင်သောအကြောင်းအရာများမှ အသက်ဆုံးရှုံးခြင်း ကင်းဝေးကြပါစေဟု တောင်းဆုခြွေရင်း ဖြင့်သာ……။

ဒေါက်တာချစ်ဝင်းလေး
Photo- The Marnagar
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
"အသက်ဖြင့် ရင်း၍" "အသက်ဖြင့် ရင်း၍" Reviewed by THITHTOOLWIN on 21:38 Rating: 5
Powered by Blogger.