ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှု ကာဒီနယ် ချားစ်မောင်ဘို ရှုတ်ချ

ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို ကို တွေ့ရစဉ်။ Photo: Htet Arkar/RFA
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ် ပဋိပက္ခအရေးမှာ ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေနဲ့ ပတ်သက်ပြီး အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ကြောင်း ကာဒီနယ် ချားစ်မောင်ဘို က ပြောလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်တင်ဝေဖန်နေကြတာတွေကိုလည်း ရှုတ်ချလိုက်ပါတယ်။

တိုင်းမဂ္ဂဇင်းက Email က တဆင့် မေးမြန်းရာမှာ ပြောဆိုဖြေကြားခဲ့တာပါ။

နိုင်ငံတကာက ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီတိုက်ပွဲအတွင်းက ခေါင်းဆောင်တစ်ဦးအဖြစ် ကြည့်တဲ့ မျက်လုံးနဲ့ပဲ ကြည့်မြင်နေကြကြောင်း၊ အခု ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ဝင်တဦး၊ နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်နေတာကြောင့် သူ့အနေနဲ့ အခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ပြောသင့်တာလည်း မှန်ကန်ကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဟာ အင်မတန်မှ နုနယ်သေးတဲ့ အဆင့်မှာပဲရှိနေသေးပြီး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကြိုးတန်းပေါ် လျှောက်နေရတာဖြစ်ကြောင်း၊ ခြေလှမ်းတစ်ချက်မှားလိုက်တာနဲ့ မြန်မာ့ဒီမိုကရေစီအိပ်မက် နိဌိတံသွားနိုင်ကြောင်း တိုင်းမဂ္ဂဇင်းကို ဖြေကြားခဲ့တယ်လို့ The Tablet အမည်ရှိ ကက်သလစ်အသင်းတော်စာစောင်က ဖေါ်ပြပါတယ်။

ဒီအတွင်း အမေရိကန် ဆီးနိတ်လွှတ်တော် လူများစုခေါင်းဆောင် မစ်ခ်ျ မက်ကောနဲက ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က စကားပြောဆိုခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာရေး အကူအညီတွေ လိုအပ်နေတဲ့ နေရာတွေမှာ အကူအညီတွေ အမြန်ဆုံးရောက်ရှိဖို့၊ အထူးသဖြင့် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကတဆင့် ပေးပို့ဖို့ ဆောင်ရွက်နေကြောင်း၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိရင်လည်း ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ရိုက်တာသတင်းကို ပြောကြားခဲ့ပါတယ်။

ဒီအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က မြန်မာနိုင်ငံအနေနဲ့ တစုံတရာ ပြောင်းလဲရတော့ မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပြီး၊ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်တာတွေ ရပ်ဆိုင်းရတော့မယ်လို့ မနေ့က ပြောလိုက်ပါတယ်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ၀န်ကြီးချုပ် ထရီစာမေ၊ နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်တို့နဲ့ တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်နဲ့က အာဏာခွဲဝေထားရပြီး၊ ရှုပ်ထွေးလှတဲ့ အခြေ အနေထဲ ရောက်နေတယ်ဆိုတာ သူ့ကိုယ်သူ တွေ့ရှိမှာဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ကတော့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ သုတ်သင်မှုတွေရပ်တန့်ဖို့ မျှော်လင့်နေကြောင်း ပြောဆိုခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှု ကာဒီနယ် ချားစ်မောင်ဘို ရှုတ်ချ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှု ကာဒီနယ် ချားစ်မောင်ဘို ရှုတ်ချ Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.