နမ့်ခမ်းမြို့နယ်တွင် အိမ်ထောင်စုနှင့် မှတ်ပုံတင်ပြုလုပ်သူများ ငွေကြေးပေးရမှုအပေါ် လဝကရုံးမှ ကောက်ခံခြင်း မရှိဟု ငြင်းဆို


စက်တင်ဘာ ၈ ရက်၊ မားနဂါး၊ နမ့်ခမ်း။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု လာရောက်ပြုလုပ်သည့် တောင်ပေါ်ကျေးရွာ ဒေသခံ တိုင်းရင်းသားများက လဝကရုံးကို လုပ်ဆောင်ခ ငွေကြေပေးရသည်ဟု ပြောဆိုနေသည့်အပေါ် လဝကရုံး တာဝန်ရှိသူများမှ ကောက်ခံခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။

နမ့်ခမ်းမြို့နယ် လဝကရုံးမှ ငွေကြေးကောက်ခံမှု မရှိကြောင်း ငြင်းဆိုနေသော်လည်း အောက်ခြေဝန်ထမ်းများက မှတ် ပုံတင်နှင့် အိမ်ထောင်စု လာရောက်ပြုလုပ်နေသူများကို ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည်ဟု မှတ်ပုံတင်သွား ရောက် လုပ်နေသူများက ဆိုပါသည်။

နမ့်ခမ်းမြို့နယ် အွယ်လောကျေးရွာမှ မှတ်ပုံတင်(ပျောက်)လျှောက်သူ အမျိုးသမီးတစ်ဦးက "ကျမက မှတ်ပုံတင် ပျောက်လို့ ပြန်လျှောက်တာ သုံးလလောက် ကြာတယ်။ ရုံးကိုသွားမေးတော့ ရုံးဝန်ထမ်းတွေက ဦးစီးမှူး မရှိဘူးလို့ဘဲ ပြောတယ် ရပြန်လည်း ဝန်ထမ်းတွေက မှတ်ပုံတင်ဖိုး ၄ဝ,ဝဝဝ တောင်းတယ်။ ကျမတို့ သွားလာစရိတ်လည်း တော် တော်ကုန်နေပြီဆိုပြီးပြောတော့ ၃ဝ,ဝဝဝ ပေးလိုက်ရတယ်။ ဇွန်လကတည်းက ကျမလျှောက်ထားတယ် ပြီးခဲ့တဲ့ သြ ဂုတ်လကုန်ပိုင်းမှ သူတို့ထုတ်ပေးတယ် ဒါတောင် ခဏခဏ ရုံးကို သွားမေးနေရလို့ ဒီအချိန်ရတယ်" ဟု စက်တင်ဘာ ၅ ရက်တွင် ပြောသည်။

တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည့် နမ့်ခမ်းမြို့နယ်အတွင်း တောင်ပေါ်ဒေသများသို့ နယ်မြေလုံခြုံရေးအရ သွား ရောက်လုပ်ဆောင်ပေးနိုင်ခြင်း မရှိသော်လည်း မှတ်ပုံတင်နှင့် အိမ်ထောင်စု လာရောက်ပြုလုပ်နေသူများကို ငွေကြေး တောင်းခံခြင်း မရှိဘဲ အလျင်အမြန် ပြုလုပ်ပေးနေသည်ဟု လဝကမှ တာဝန်ရှိသူတစ်ဦးက မားနဂါးသတင်းဂျာနယ်သို့ ပြောသည်။

နမ့်ခမ်းမြို့နယ် လဝကရုံးမှ တာဝန်ရှိသူတစ်ဦးက "ကျနော်တို့ရုံးအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု လာလုပ်တဲ့သူတွေ ကို ငွေကြေးကောက်ခံတာမျိုး မရှိပါဘူး။ လချီကြာမှ ထုတ်ပေးတာမျိုးလဲ မလုပ်ပါဘူး။ တစ်ခါတစ်လေ ပိတ်ရက်ဖြစ်တဲ့ စနေနေ့မှာလိုမျိုးတောင် တောင်ပေါ်ကလူတွေက ရောက်လာရင် လုပ်ပေးခဲ့ပါတယ်။ ကျနော်တို့ရဲ့ အားနည်းချက်က ရွာကို တစ်ခါမှ မသွားနိုင်တာဘဲ။ ပြီးတော့ ဒီဒေသမှာက နယ်မြေဒေသ လုံခြုံရေးအရ အဆင်မပြေတာ ရှိတယ်" ဟု စက်တင်ဘာ ၈ ရက်တွင် ပြောသည်။

ကျေးရွာမှလာသည့် ဒေသခံများသည် မှတ်ပုံတင်နှင့် အိမ်ထောင်စုပြုလုပ်ရန် သွားလာစရိတ်နှင့် မြန်မာစကားပြောဆို တတ်သူများကို အကူအညီတောင်းခံနေရပြီး စကားပြန်လုပ်ပေးသူများနှင့် ကြားခံပွဲစားများကိုလည်း လက်ဖက်ရည်ဖိုး နှင့် လုပ်ဆောင်ကူညီခများပါ ပေးနေရသည့်အပြင် လဝကဝန်ထမ်းများကလည်း မှတ်ပုံတင်ဖိုး သောင်းဂဏန်း ထပ်မံ တောင်းခံနေသည်ဟု ဒေသခံများက ပြောဆိုနေသော်လည်း လဝကရုံးတွင် ကချင်၊ လီဆူ၊ တအာင်း၊ ကယား၊ မွန်စ သည့် တိုင်းရင်းသား ဝန်ထမ်းများရှိသည့်အတွက် ဘာသာစကားအရ အခက်အခဲမရှိကြောင်း သိရသည်။

"ဘာသာစကားအရ အဆင်မပြေတာရှိရင် သက်ဆိုင်ရာ ယဉ်ကျေးမှုအဖွဲ့တွေကို ကျနော်တို့ လှမ်းအကူအညီတောင်း လိုက်ပါတယ်။ ဒီမှာက တိုင်းရင်းသားဝန်ထမ်းတော်တော်များများ ရှိပါတယ်။ ဘာသာစကားအရတော့ အခက်အခဲ မရှိ ပါဘူး။ နောက် ရုံးကိုလာရင် ဘာမှ ကြောက်စရာ မရှိပါဘူး။ ရုံးလာတဲ့သူကိုလဲ ကျနော်တို့က ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ ကျနော်တို့ကို ကြောက်နေဖို့ မလိုပါဘူး။ လွတ်လွတ်လပ်လပ် လာတွေ့လို့ ရပါတယ်" ဟု လဝကရုံးမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

နမ့်ခမ်းမြို့နယ်သည် ယခင်ကတည်းကပင် မှတ်ပုံတင်နှင့် အိမ်ထောင်စု သွားရောက်ပြုလုပ်ပါက ၅,ဝဝဝ၊ ၁ဝ,ဝဝဝ ကျပ် ကောက်ခံနေပြီး ယခုနောက်ပိုင်းတွင် သောင်းဂဏန်းအထိ တောင်းခံမှုများ ပြုလုပ်လာကြောင်း ဒေသခံများက ပြောဆိုလျက်ရှိသည်။

နမ့်ခမ်းမြို့တွင်း နေထိုင်သူ အမျိုးသမီးတစ်ဦးက "ကျမက အိမ်ထောင်စုအမည်နဲ့ မှတ်ပုံတင်အမည်မတူလို့ ပြန်သွား ပြောင်းတယ် အဲဒါနဲ့ ၂၅ဝဝဝ ပေးရတယ်။ ကျမတို့က ရုံးသွားတဲ့အတွေ့အကြုံလည်း မရှိဘူးဆိုတော့ သွားတတ်တဲ့ လူတွေကို အားကိုးရတယ် သူတို့ကိုလည်း လမ်းစရိတ်နဲ့ လက်ဖက်ရည်ဖိုး ပေးရသေးတယ်" ဟု စက်တင်ဘာလ ၅ ရက်တွင် ပြောသည်။

အွယ်လောရွာမှ တာဝန်ရှိသူတစ်ဦးက "မှတ်ပုံတင်လုပ်တာ ၄၊ ၅ သောင်း မကုန်ဘူး တချို့က ပွဲစားနဲ့ လုပ်လို့ အဲ လောက်ကုန်တာပါ။ သူတို့ရဲ့ စာရွက်စာတမ်းဖိုးနဲ့ ရုံးရန်ပုံငွေအတွက်ပဲ ပေးရတယ်။ ကျနော်တို့ပေါ်မှာလည်း မူတည် တယ်ပေါ့ အမြန်လိုချင်တယ်ဆိုရင် ကုန်ကျတော့ ခံရမှာပေါ့ နေ့ချင်းပြီး တစ်နာရီလည်းရတယ် ကုန်ကျမခံရင်တော့ စောင့်ရမှာပေါ့" ဟု ပြောသည်။

နမ့်ခမ်းမြို့နယ်ရှိ လဝကရုံးမှ လာမည့်အပတ်တွင် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်၊ ယဉ်ကျေးမှုအဖွဲ့၊ မြို့ခံများနှင့် ပူးပေါင်းကာ မန်အောင်နှင့် ဖာလင်ကျေးရွာရှိ ကျောင်းသူကျောင်းသားများအတွက် မှတ်ပုံတင်သွားရောက် ပြုလုပ် ပေးမည်ဖြစ်ကြောင်း လဝကရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောသည်။

Photo- The Marnagar
Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
နမ့်ခမ်းမြို့နယ်တွင် အိမ်ထောင်စုနှင့် မှတ်ပုံတင်ပြုလုပ်သူများ ငွေကြေးပေးရမှုအပေါ် လဝကရုံးမှ ကောက်ခံခြင်း မရှိဟု ငြင်းဆို နမ့်ခမ်းမြို့နယ်တွင် အိမ်ထောင်စုနှင့် မှတ်ပုံတင်ပြုလုပ်သူများ ငွေကြေးပေးရမှုအပေါ် လဝကရုံးမှ ကောက်ခံခြင်း မရှိဟု ငြင်းဆို Reviewed by THITHTOOLWIN on 19:10 Rating: 5
Powered by Blogger.