ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို စိစစ်ပြီးမှ လက်ခံမယ်

ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးနေတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ
လတ်တလော ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးတိမ်းရှောင်နေတဲ့ မွတ်ဆလင် ဒုက္ခသည် တစ်သိန်းလေးသောင်းကျော်ကို စိစစ်ပြီးမှ ပြန်လည်လက်ခံမှာဖြစ်တယ်လို့ မြန်မာအစိုးရရဲ့ လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်က အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တစ်သိန်းလေးသောင်းကျော်ရှိနေပြီးလို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဒုက္ခသည်တွေအားလုံးကို စိစစ်ပြီးမှ မြန်မာပြည်ထဲ ပြန်လက်ခံသင့် မခံသင်ဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ ဦးသောင်းထွန်းက စက်တင်ဘာလ ၆ ရက်နေ့က နေပြည်တော်မှာ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တဦးချင်းစိစစ်ပြီး မှန်ကန်တယ်ဆိုမှ ပြန်လည်လက်ခံမှာဖြစ်တယ်လို့ ဦးသောင်းထွန်းက ပြောပါတယ်။

ဒီလို စိစစ်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေ အတွက် မြန်မာပြည်ကို ပြန်လာနိုင်ဖို့အခက်အခဲရှိတယ်လို့ ထောက်ပြနေသူတွေလည်း ရှိပါတယ်။ သူတို့တွေဟာ မြန်မာနိုင်ငံရဲ့ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်မရှိတဲ့အတွက် သက်သေအထောက်အထားပြဖို့ ခက်မယ်လို့ဆိုပါတယ်။ တချို့မှာ ခေတ်အဆက်ဆက်က အစိုးရထုတ်ပေးတဲ့ အထောက်အထား စာရွက်စာတမ်း ယာယီ ID ကဒ်ပြားတွေရှိပါတယ်။ ဒါပေမယ့် တိမ်းရှောင်နေတဲ့ ဒုက္ခသည်အများစုဟာ အထောက်အထားမပြနိုင်ရင် သူတို့တွေအတွက် အခက်ဖြစ်နေမလားလို့မေးကြည့်တဲ့အခါ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူဝင်မှုကြီးကြပ်ရေး ၊ ရဲတပ်ဖွဲ့ စတဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေက စိစစ်မှာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်ရှောင်နေတဲ့ ဒုက္ခသည်များအပြင် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနဲ့ တခြားမြို့ပေါ်မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ရခိုင်၊ ဟိန္ဒူနဲ့ တခြားဒေသခံတွေကလည်း သောင်းနဲ့ချီရှိနေပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခုံလှုံနေတဲ့မွတ်ဆလင်ဒုက္ခသည်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် သက်သေအထောက်အထား မပြနိုင်ခဲ့ရင် မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်ပြောဆိုနေသူတွေလည်း ရှိနေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို စိစစ်ပြီးမှ လက်ခံမယ် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို စိစစ်ပြီးမှ လက်ခံမယ် Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.