တောင်တွင်းကြီးဆူပူမှု နောက်ထပ် ၂ ဦးကို ဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ညက လူစုလူဝေးဖြစ်ပွားနေသည်ကို တွေ့ရစဉ်
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးဖြစ်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ထပ်မံဖမ်းဆီးထားတာကြောင့် လက်ရှိအချိန်ထိ ဖမ်းဆီးရမိထားသူ ၇ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဖမ်းဆီးရမိထားသူတွေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀၊ ၁၄၄၊ ၁၄၇၊ ၁၅၂ နဲ့ ၁၅၃ တို့နဲ့ အမှုဖွင့် အရေးယူထား တယ်လို့ တောင်တွင်းကြီးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင် က ပြောပါတယ်။

"သံသယရှိတဲ့သူ ၂ ယောက်ထပ်ပြီးတော့ ဖမ်းတယ်၊ ၇ ယောက်ရှိပါပြီ၊ အကုန်လုံးဆိုရင်လေ၊ မနေ့ကအ ထိပေါ့နော်၊ ပုဒ်မတွေတော့ တပ်လိုက်ပြီလေ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၀၊ ၁၄၄၊ ၁၄၇၊ ၁၅၂ နဲ့ ၁၅၃ နဲ့ အမှုဖွင့်အရေးယူထားပြီ၊ ဥပဒေနဲ့ ဆန့်ကျင်တဲ့အဖွဲ့အစည်းမှာ ပါဝင်တဲ့အဖွဲ့အစည်းတွေပေါ့နော်၊ သေစေ နိုင်တယ်၊ နာကျင်စေနိုင်တယ်၊ မတရားတားဆီးမှုတွေပေါ့၊ ဆူပူအုံကြွအောင်လုပ်တဲ့အမှုတွေချည်းပါပဲ။ "

ဖမ်းမိထားသူတွေနဲ့ ဆက်စပ်ပြီး စက်တင်ဘာ ၁၀ ရက်နေ့ည ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ တခြားသူတွေကိုပါ ဆက် လက်ဖော်ထုတ်သွားဖို့ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့ညက တောင်တွင်းကြီးမြို့က အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တချို့ကို လူအုပ်စုတစ်စုက ခဲနဲ့ပစ်ပေါက်ပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလို ခဲတွေနဲ့ပစ်ပေါက်မှုကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တချို့နဲ့ ဈေးဆိုင်စုစုပေါင်း ၈ ဆိုင်လောက် ထိခိုက်ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့က ညတွင်းချင်း ဖမ်းမိခဲ့သူတစ်ဦးကို စစ်ဆေးရာမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေကို မကျေနပ် လို့ လုပ်ဆောင်တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
တောင်တွင်းကြီးဆူပူမှု နောက်ထပ် ၂ ဦးကို ဖမ်းမိ တောင်တွင်းကြီးဆူပူမှု နောက်ထပ် ၂ ဦးကို ဖမ်းမိ Reviewed by THITHTOOLWIN on 18:30 Rating: 5
Powered by Blogger.