တရုတ် မြောက်ကိုရီးယားကို ထပ်ပိတ်ဆို့

 မြောက်ကိုရီးယားရဲ့ ဒုတိယ အကြီးဆုံး ပို့ကုန် အဝတ်အထည် လုပ်ငန်း
တရုတ်က မြောက်ကိုရီးယားကို ထပ်ပြီး ပိတ်ဆို့မှုတွေ တင်းကျပ် လိုက်ပါတယ်။

မြောက်ကိုရီးယားမှာ ချုပ်လုပ်တဲ့ အဝတ်အထည်တွေ တရုတ်က ဒီနေ့ကစပြီး မယူတော့ဘူးလို့ ကြေညာခဲ့ပြီး မြောက်ကိုရီးယားကို ရေနံ ထွက်ကုန်တွေ တင်သွင်းတာကိုလည်း ဖြေးဖြေးချင်း လျှော့ချသွားမယ် ဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၁ ရက် က လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားကို ချမှတ်လိုက်တဲ့ ပိတ်ဆို့မှုတွေနဲ့အညီ တရုတ်က ဆောင်ရွက်တာ ဖြစ်ပါတယ်။

၂ နိုင်ငံ နယ်စပ် တလျှောက် အဝတ်အထည် မှောင်ခို တင်သွင်းတာတွေ မရှိအောင် စိစစ် သွားမယ်လို့လည်း တရုတ်က ပြောပါတယ်။

အဝတ်အထည် လုပ်ငန်းဟာ မြောက်ကိုရီးယားရဲ့ ဒုတိယ အကြီးဆုံး ပို့ကုန် လုပ်ငန်း ဖြစ်သလို ၈ဝ ရာခိုင်နှုန်း လောက်ကိုလည်း တရုတ်က ယူပါတယ်။

မြောက်ကိုရီးယား အလုပ်သမား တသိန်းလောက် ဒီလုပ်ငန်းမှာ လုပ်ကိုင်နေတယ်လို့ ယူဆပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား အဏုမြူ စမ်းသပ်တဲ့ နေရာနားက ဗဟိုပြု လှုပ်

မြေကြီး တုန်ခါ

ဒီအချိန်မှာပဲ မြောက်ကိုရီးယား ဘက်က မြေကြီး တုန်ခါမှုတွေကို ငလျင် သိပ္ပံ ပညာရှင်တွေက စမ်းသပ် တွေ့ရှိခဲ့ပါတယ်။

ဒီ ၃.၄ ရစ်ချစတာ စကေး ရှိတဲ့ ငလျင်ငယ် လှုပ်ခတ်မှုဟာ မြောက်ကိုရီးယား အဏုမြူ စမ်းသပ်တဲ့ နေရာနားက ဗဟိုပြု လှုပ်တာမို့ ပေါက်ကွဲ မှု ဖြစ်နိုင်တယ်လို့ တရုတ်ဘက်က ပြောပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယား ဘက်ကတော့ လူလုပ် ဖောက်ခွဲမှုတွေမှာ ကြားရလေ့ ရှိတဲ့ အသံလှိုင်းတွေ ဖမ်းမိတာ မရှိလို့ ရိုးရိုး ငလျင် လှုပ်တာပဲ ဖြစ်မယ်လို့ ဆိုပါတယ်။

၃ မိုင်လောက် အနက်ကလာတဲ့ တုန်ခါမှု ဖြစ်ပေမယ့် လှုပ်တဲ့အကြောင်း သေချာ မသိရဘူးလို့ပဲ အမေရိကန် ကျွမ်းကျင်သူတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
တရုတ် မြောက်ကိုရီးယားကို ထပ်ပိတ်ဆို့ တရုတ် မြောက်ကိုရီးယားကို ထပ်ပိတ်ဆို့ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.