တောင်တွင်းကြီးကိစ္စ တရားခံအစစ်အမှန် ဖမ်းမိရေး ညွှန်ကြားထား တယ်လို့ တိုင်းဝန်ကြီးချုပ် ပြော

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ကို တွေ့ရစဉ်။ Photo: RFA
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ်နဲ့ ဈေးဆိုင်တချို့ ကို ခဲနဲ့ပစ်ပေါက်ပြီး ဆူပူမှုဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ဖြစ်စဉ် ရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်သူ တွေနဲ့ တရားခံအစစ်အမှန် ဖမ်းဆီးရမိရေး ဆောင်ရွက်ဖို့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးကို ညွှန်ကြားထားတယ်လို့ တိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပြောပါတယ်။

ဒီနေ့ နေပြည်တော်က ယူနီစန်လက်ဖက်ရည်မှာ ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီအစည်းအဝေး အပြီးမှာ ဒေါက်တာအောင်မိုးညိုက ပြောတာဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးဆုံးဖြတ်ချက်တွေနဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုတော့ သတင်းထုတ်ပြန် ဖို့မရှိဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ညက တောင်တွင်းကြီးမြို့အုန်းတော ၁ ရပ်ကွက်က အစ္စလာမ် ဘာသာဝင် တစ်ဦးရဲ့ နေအိမ်ကို လူငယ် ၅၀ခန့်က ခဲတွေနဲ့ စတင်ပစ်ပေါက်ခဲ့ပြီး နိုင်ငံတော် သီချင်းသီဆိုကာ ရွှေကြာအင်း ၁ ရပ်ကွက်က ဗလီကို ထွက်သွားတာကြောင့် မြို့နယ်ရဲတပ်ဖွဲ့က ဗလီမှာ ပိတ်ဆို့ကာကွယ်ခဲ့ရပြီး လူဦးရေ ၄၀၀ လောက် စုဝေးမှုဖြစ်ခဲ့ပါတယ်။

အဲဒီလူစုလူဝေးကို ရဲတပ်ဖွဲ့ဝင်တွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ လုံခြုံရေးအဖွဲ့တွေက ဒိုင်းတွေ၊ ရာဘာကျည်တွေ အသုံးပြုပြီး လူစုခွဲခဲ့ရတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သံသယရှိသူ ၇ ဦးကို ဖမ်းဆီးထားပြီး နာကျင်စေမှု၊ မတရားတားဆီးမှု၊ ဆူပူအုံကြွအောင် လုပ်ဆောင်မှုစတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ထား တယ်လို့ သိရပါတယ်။

အဲဒီလို ခဲတွေနဲ့ပစ်ပေါက်မှုကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တချို့နဲ့ ဈေးဆိုင်စုစုပေါင်း ၈ ဆိုင် လောက် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တောင်တွင်းကြီးကိစ္စ တရားခံအစစ်အမှန် ဖမ်းမိရေး ညွှန်ကြားထား တယ်လို့ တိုင်းဝန်ကြီးချုပ် ပြော တောင်တွင်းကြီးကိစ္စ တရားခံအစစ်အမှန် ဖမ်းမိရေး ညွှန်ကြားထား တယ်လို့ တိုင်းဝန်ကြီးချုပ် ပြော Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.