တရားမ၀င် ပိတောက်သစ်များ သယ်ဆောင်လာသည့် ဘုန်းကြီးကျောင်း စာတမ်းပါ ကားတစ်စီး လမ်းဘေးသစ်ပင်တိုက်


မုံရွာ၊ စက်တင်ဘာ ၁၅

ဘုန်းကြီးကျောင်း စာတမ်းအမှတ်အသားများ တပ်ဆင်ကပ်ထားသည့် မှန်လုံကားတစ်စီးသည် စက်တင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲအချိန်က မုံရွာမြို့ ကန်သာဦးရပ်ကွက်နှင့် ရတနာပုံရပ်ကွက်အကြား သပြေပင်တောရကျောင်းလမ်းနှင့် မြနန္ဒာလမ်းဆုံ၏ တောင်ဘက်အနီးရှိ လမ်းဘေးသစ်ပင်အား ၀င်ရောက်တိုက်မိရာ ယာဉ်မောင်းသူမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်ထံမှ သိရသည်။
“ .. အဲ့ဒီသစ်ကားရှေ့နောက်က ကားတစ်စီး လိုက်လာတဲ့အခါ သစ်ကားက အပြေးမောင်းရင်း အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်မိတာဖြစ်တယ် .. ယာဉ်မောင်းက ချက်ချင်းဘဲ ကားပေါ်က ခုန်ချထွက်ပြေးသွားတာပါ.. “ ယင်း နေရာသို့ရောက်ရှိနေသည့် လာရောက်ကြည့်ရှု့နေသူတစ်ဦးက ပြောသည်။


အဆိုပါ သစ်ကားပေါ်တွင် တင်ဆောင်လာသည့် သစ်များမှာ ပိတောက်သစ် လေးထောင့်တုံး(၁၆)တုံးဖြစ်ပြီး ၎င်းသစ်များမှာ တရားမ၀င်သယ်ဆောင်လာသည့် သစ်များဖြစ်ကြောင်း သစ်တန်ချိန်များအား ဆက်လက်၍ တွက်ချက်တိုင်းတာသွားမည်ဖြစ်ကြောင်း သစ်တောရေးရာ ဘိနယ်တာဝန်ခံ ဦးနောင်နောင်ထံမှ သိရသည်။


ထို့အပြင် အဆိုပါ သစ်ကား၏ ရှေ့လေကာမှန်နှင့် နောက်လေကာမှန်များပေါ်တွင် “ ရွှေပုလဲကျောင်းတိုက် ကြာပင်လှကျေးရွာ.” ဟု စာတမ်းများပါရှိပြီး ယာဉ်အမှတ်မှာ YGN – 9G / 4127 စိမ်းပုတ်ရောင် စူပါချာဂျာ ယာဉ်အမျိုးအစားဖြစ်သည်။ ထို့ကြောင့် ယာဉ်ပတ်သက်သည့် သတင်းအချက်အလက်များကို စစ်ဆေးလျက်ရှိပြီး မုံရွာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ကနဦးသိရှိရသည်။

ကိုတိုးကြီး
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
တရားမ၀င် ပိတောက်သစ်များ သယ်ဆောင်လာသည့် ဘုန်းကြီးကျောင်း စာတမ်းပါ ကားတစ်စီး လမ်းဘေးသစ်ပင်တိုက် တရားမ၀င် ပိတောက်သစ်များ သယ်ဆောင်လာသည့် ဘုန်းကြီးကျောင်း စာတမ်းပါ ကားတစ်စီး လမ်းဘေးသစ်ပင်တိုက် Reviewed by THITHTOOLWIN on 18:38 Rating: 5
Powered by Blogger.