မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်ဆွေးနွေးမည်


ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက်ကို လူတွေအမြောက်အများ ထွက်ပြေးခိုလှုံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းတွေအရ ပြောဆိုဆွေးနွေး အဖြေရှာနိုင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံကအဖွဲ့တခု နောက်တပတ်ထဲမှာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံကိုရောက်လာမယ်လို့ မနေ့ကထုတ်ပြန်တဲ့ AFPသတင်းမှာဖေါ်ပြထားပါတယ်။

နောက်သတင်းပတ်စောစောပိုင်းမှာ မြန်မာအဖွဲ့ရောက်လာမယ့်အကြောင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီး Shahidul Haque ရဲ့ မနေ့ကပြောဆိုချက်ကိုကိုးကားပြီး AFP သတင်းမှာဖေါ်ပြထားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေခေါင်းဆောင်ပါဝင်မယ့်အဖွဲ့ဖြစ်လိမ့်မယ်လို့မျှော်လင့်ရတဲ့အကြောင်း ဘင်္ဂလား ဒေ့ခ်ျနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတဦးက ပြောတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အခု နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဘက်မှုတွေ မတိုင်ခင် စောစောပိုင်းတုန်းကလည်း ၀န်းကြီးဦးကျော်တင့်ဆွေနဲ့ဆွေးနွေးပြော ဆိုဖို့ ဘင်္ဂလားဒေ့ခ်ျဘက်ကဖိတ်ခေါ်ခဲ့ဖူးပါတယ်။ မြန်မာအဖွဲ့တခု ဘင်္ဂလားဒေ့ခ်ျကိုလာမယ်ဆိုတဲ့သတင်းကတော့ သြဂုတ်လ၂၅ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့အကြမ်းဘက်မှုတွေကြောင့် မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ မူဆလင်ဒုက္ခသည်ပေါင်း၎သိန်း၈သောင်းရှိသွားပြီလို့ ကုလသမဂ္ဂကကြေညာပြီးတဲ့နောက်ပိုင်းမှာဖြစ်လာတာပါ။

ဘင်္ဂလားဒေ့ခ်ျနယ်စပ်မြို့ Cox’s Bazar တ၀ိုက်က ဒုက္ခသည်စခန်းတွေမှာ အရင်က ရှိနေပြီးသား ရိုဟင်ဂျာဒုက္ခသည် ၃သိန်းလောက်နဲ့ အခုနောက်ဆုံးရောက်လာတဲ့သူတွေနဲ့ပေါင်းရင် စုစုပေါင်းဒုက္ခသည်အရေအတွက်က ၈သိန်းနီးပါးရှိ နေပါပြီ။ အသစ်ထပ်ရောက်လာတဲ့ဒုက္ခသည်တွေက ယာယီတဲတွေနဲ့ဖြစ်သလိုနေနေရပြီး ၀မ်းရောဂါအပါအ၀င် ကူးစက် ရောဂါတွေဖြစ်ပေါ်ပြန့်ပွါးလာလိမ့်မယ်လို့ သတိပေးမှုတွေလည်းရှိနေပါတယ်။ ရိုဟင်ဂျာပြဿနာကိုအဆုံးသတ်အောင် ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုရှာဖွေနိုင်ရေးနဲ့ဒုက္ခသည်တွေအားလုံး သူတို့ရဲ့ဇာတိမြေကိုပြန်နိုင်အောင်မြန်မာဘက်က ခေါ်ယူနိုင်ရေး ဘင်္ဂလားဒေ့ခ်ျဘက်က အကြီးအကျယ်သံတမန်နည်းလမ်းသုံးကြိုးပမ်းခဲ့ပြီးနောက်ပိုင်း အခုလို၂နိုင်ငံပြော ဆိုဆွေးနွေးဖို့ဖြစ်ပေါ်လာခဲ့တာလို့ AFP သတင်းကဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်ဆွေးနွေးမည် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်ဆွေးနွေးမည် Reviewed by THITHTOOLWIN on 05:48 Rating: 5
Powered by Blogger.