နယ်စပ်တွင် ဘင်္ဂလီကျေးရွာ ၄၇၁ ရွာရှိသည့်အနက် ရွာလုံးကျွတ် ထွက်ပြေးသည့်ရွာ ၁၇၆ ရွာရှိ


နိရဉ္စရာ၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်းတွင် ဘင်္ဂလီလူမျိုးများ နေထိုင်သည့် ကျေးရွာ ၄၇၁ ရွာရှိသည့်အနက်မှ ၁၇၆ ရွာမှ ရွာသားများမှာ ရွာလုံးကျွတ်ထွက်ပြေးသွားကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

လုံးဝ တစ်ယောက်မကျန် ထွက်ပြေးသွားသည့်ကျေးရွာမှာ ၁၇၆ ရွာရှိကြောင်း၊ တစ်ဝက်တစ်ပျက် ထွက်ပြေးသွားသည့်ရွာမှာ ၃၄ ရွာရှိကြောင်း၊ လုံးဝ မထွက်ပြေးသည့်ရွာမှာ ၂၆၁ ရွာရှိကြောင်း ဦးတင်မောင်ဆွေက ပြောသည်။

“ မထွက်ပြေးတဲ့ရွာတွေက လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာ ပါဝင် ပတ်သက်မှု မရှိတဲ့ ကျေးရွာတွေပါ။ အကြမ်းဖက်မှု ဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်တဲ့ ကျေးရွာတွေကတော့ အရေးယူခံရမှာကို ကြောက်ပြီး တစ်ယောက်မကျန် ထွက်ပြေးသွားပါတယ်” ဟု သူက ပြောသည်။

မထွက်ပြေးသည့် ကျေးရွာများကို ဥပဒေအတိုင်း ဥပေဒအကာအကွယ်ပေးသွားမည်ဖြစ်ပြီး လိုအပ်သည့် အကူအညီများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ ထွက်ပြေးသွားသူ အမျိုးသား အများစုမှာ အကြမ်းဖက်မှုတွင် ပါဝင်သူများ ဖြစ်သဖြင့် ပြန်ခေါ်ရင်တောင်မှအပြစ်ပေးခံရမည်ကို စိုးရိမ်၍ ပြန်လာဝံ့မည် မဟုတ်ကြောင်း၊ လောလောဆယ်တွင်သူတို့အား ပြန်ခေါ်ရန်လည်း တစ်စုံတစ်ရာ ပေါ်လစီ မရှိသေးကြောင်း ဦးတင်မောင်ဆွေက ပြောကြားသည်။

သြဂုတ်လ ၂၅ ရက်နေ့က နယ်ခြားစောင့်ရဲစခန်း ၃၀ ကို အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့ရာတွင် လူပေါင်း သောင်းနှင့်ချီ ပါဝင်ခဲ့ပြီး အရေးယူခံရမည်ကို ကြောက်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးသွားကြခြင်းသာ ဖြစ်ကြောင်း၊ အကြမ်းဖက်မှုတွင် မပါဝင်သည့် ကျေးရွာများမှာ အေးအေးဆေးဆေးနေထိုင်နေကြကြောင်း၊ နိုင်ငံတကာမှ စွပ်စွဲနေသလို လူမျိုးတုန်း သတ်ဖြတ်မှု မရှိပါကြောင်း၊ အခြေအနေမှန်ကို သိရှိရန်လိုပါကြောင်း ပြောကြားသွားသည်။

Narinjara
https://www.facebook.com/Narinjara
နယ်စပ်တွင် ဘင်္ဂလီကျေးရွာ ၄၇၁ ရွာရှိသည့်အနက် ရွာလုံးကျွတ် ထွက်ပြေးသည့်ရွာ ၁၇၆ ရွာရှိ နယ်စပ်တွင် ဘင်္ဂလီကျေးရွာ ၄၇၁ ရွာရှိသည့်အနက် ရွာလုံးကျွတ် ထွက်ပြေးသည့်ရွာ ၁၇၆ ရွာရှိ Reviewed by THITHTOOLWIN on 10:49 Rating: 5
Powered by Blogger.