ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးခံထားရသည့် မြန်မာ့သတင်းထောက်နှစ်ဦး အင်္ဂါနေ့တွင် ရုံးထုတ်မည်


နိရဉ္စရာ၊ စက်တင်ဘာ ၁၇

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားထောင်ထဲတွင်ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ့ ဓာတ်ပုံ သတင်းထောက် နှစ်ဦးကို လာမည့် စက်တင်ဘာ ၁၉ ရက် (အင်္ဂါ)နေ့တွင် ထပ်မံရုံးထုတ်မည်ဟု သတင်းရရှိသည်။

“ ဟုတ်ပါတယ်။ သူတို့ကို လာမယ့် အင်္ဂါနေ့မှာရုံးထုတ်မှာဖြစ်ပါတယ်။ ကော့စ်ဘဇားခရိုင်တရားရုံးမှာ ဖြစ်ပါတယ်။ သူတို့ကို အာမခံ ရရှိရေးအတွက် ရှေ့နေတွေက လျှောက်ထားမယ်လို့ သိရပါတယ်။ လောလောဆယ်တော့ သူတို့နှစ်ဦးကို ကော့စ်ဘဇားထောင်ထဲကို ပို့ထားပါတယ်” ဟု ကော့စ်ဘဇားတွင် နေထိုင်သူ ကိုကျော်နိုင်က ပြောကြားသည်။

ကိုမင်းဇေယျာဦးနှင့် ကို ခွန်လတ်တို့ကို မြန်မာနယ်စပ်နှင့် ကပ်ရပ် တည်ရှိသည့် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင် အိုးကီးယားမြို့နယ် နယ်စပ်တစ်လျှောက်တွင် ဓာတ်ပုံရိုက်နေစဉ် စက်တင်ဘာ ၆ ရက်နေ့က မြန်မာအတွက် သူလျိုလုပ်သည်ဟု ဆိုကာ ဘင်္ဂလာဒေ့ရှ်ရဲအဖွဲ့က ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးပြီးနောက် အိုးကီးယားမြို့မှ ကော့စ်ဘဇားသို့ ပို့ဆောင်လိုက်ကာ ကော့စ်ဘဇားခရိုင် အောက်တရားရုံးမှ လက်ခံ မပေးဘဲ ကော့စ်ဘဇားထောင်ထဲတွင် ချုပ်နှောင်ထားရန် အမိန့်ချမှတ်ခဲ့သည်ဟု သိရသည်။

“ သူတို့ကို ဘင်္ဂလာဒေ့ရှ်ရဲက ဘယ်လို စွပ်စွဲထားသလဲဆိုရင် မမှန်သတင်းတွေကို မြန်ဘက်ကို ပို့တယ်။ ဓာတ်ပုံတွေ၊ မှတ်တမ်းတွေ စုဆောင်းနေတယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းဆီးထားတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

သူတို့ အမှုအား ဘင်္ဂလာဒေ့ရှ်မှ မာရမာကြီးလူမျိုး ဂျူစတီမွိုင် ဘရ၀ါမှ ရှေ့နေလိုက်ပေးနေပြီး အင်္ဂါနေ့ ရုံးတင်သောအခါ လက်ခံရရှိအောင်အထက်တရားရုံးသို့ လျှောက်ထားမည်ဟု သိရသည်။

ဖမ်းဆီးခံထားရသည့် မြန်မာ သတင်းထောက်နှစ်ဦးသည် ဂျာမန်အခြေစိုက် ဂျီအီးအို မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ယူရန် သတင်းထောက်ဗီဇာဖြင့် မဟုတ်ဘဲ သာမန် ခရီးသွားလာခွင့်ဗီဇာဖြင့် ဘင်္ဂလာဒေ့ရှ်သို့ ၀င်ရောက်ခဲ့သူများဖြစ်ကြောင်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးခံထားရသည့် မြန်မာ့သတင်းထောက်နှစ်ဦး အင်္ဂါနေ့တွင် ရုံးထုတ်မည် ဘင်္ဂလာဒေ့ရှ်တွင် ဖမ်းဆီးခံထားရသည့် မြန်မာ့သတင်းထောက်နှစ်ဦး အင်္ဂါနေ့တွင် ရုံးထုတ်မည် Reviewed by THITHTOOLWIN on 18:14 Rating: 5
Powered by Blogger.