သတ်ဖြတ်မှု ဖြစ်ရာ မီဒီယာတွေ လေ့လာခဲ့

မီးလောင်ပြာကျသွားတဲ့ အိမ်တွေ ဝေဟင်ကတွေ့
မောင်တောမြို့နယ် မြောက်ဘက်ရှိ ရဲဘော်ကျရွာမှာ တူးဖေါ်ရရှိတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့အလောင်းတွေကို သွားရောက်လေ့လာဖို့ ပြည်တွင်းပြည်ပသတင်းထောက်တွေကို စစ်တပ်က စီစဉ်ပေးခဲ့ပါတယ်။

ပြည်တွင်း ပြည်ပ သတင်းသမား ၄ဝ လောက်ကို စစ်တပ်လေယာဉ်နဲ့ ရန်ကုန်ကနေ စစ်တွေ၊ စစ်တွေကနေ မောင်တောကို နေ့ချင်းပြန် သတင်းသွားဖို့ ခေါ်သွားတာပါ။

စစ်တွေကနေ မောင်တောမြို့နယ် မြောက်ဘက်က ရဲဘော်ကျရွာကိုတော့ ရဟတ်ယာဉ်နှစ်စီးနဲ့ ခေါ်သွားခဲ့ပါတယ်။

မောင်တောမြို့ကနေစပြီး ရဲဘော်ကျရွာ တလျှောက် တချို့ရွာတွေမှာ မီးလောင်ပြာကျသွားတဲ့ အိမ်တွေ၊ အဖျက်ဆီးခံရတဲ့ အဆောက်အဦတွေကို လေယာဉ်ပေါ်ကနေ မြင်ရပါတယ်။

အချို့အိမ်ကျတော့လည်း အကောင်းပဲရှိနေတာ တွေ့ရပါတယ်။

 ဆွေမျိုးတွေအသတ်ခံရတဲ့ ဟိန္ဒူဘာသာဝင် အမျိုးသမီး
အော်ဟစ်ပြီးငို

လယ်ကွင်းတခုမှာ ရဟတ်ယာဉ်ဆင်းတာနဲ့ ဆွေမျိုးတွေအသတ်ခံရတဲ့ ဟိန္ဒူဘာသာဝင်တွေ အော်ဟစ်ပြီးငိုနေတာ တွေ့ရပါတယ်။

ကြိမ်ချောင်းရွာက မိသားစုဝင်တွေ အသတ်ခံရတဲ့ ဟိန္ဒူအမျိုးသမီး တဦးကတော့ သူ့အဖေ အမေ အပါအဝင် မိသားစုဝင်တွေ အသတ်ခံရတာလို့ ပြောပါတယ်။

သူတို့ရွာကို ဘယ်လိုတိုက်ခိုက်ခံရတယ် ဆိုတာကို နောက်ထပ် ဟိန္ဒူအမျိုးသမီးတယောက်ဖြစ်တဲ့ ချူကီဘာလာ က ပြန်ပြောပြပါတယ်။

အကြမ်းဖက်သမား တွေက ဟိန္ဒူတွေကို မျက်လုံးစည်းထားပြီး လည်လှီးသတ်ဖြတ်တယ်လို့ သူပြောသွားပါတယ်။

အလောင်းတွေထဲမှာတော့ ကလေးတွေလည်းပါပါတယ်။

အလောင်းတွေက အရိုးနဲ့ အသားတချို့ပဲ ကျန်ခဲ့တော့ ဓားနဲ့ခုတ်သတ်လား၊ သေနတ်နဲ့ အပစ်သတ်ခံရတာလား ပြောရခက်ပါတယ်။

ဒါပေမယ့် အလောင်းတလောင်းမှာတော့ လက်ကို အနောက်က ကြိုးတုပ်၊ မျက်လုံးကိုအဝတ်နဲ့ စည်းထားတာကို တွေ့ရတယ်။

စစ်တပ်ဘက်ကတော့ ARSA အကြမ်းဖက်သမားတွေ သတ်တယ်လို့ အခိုင်အမာပြောပါတယ်။

တင်းမာနေဆဲ မောင်တော အခြေအနေ
လူ ၄ဝဝ နီးပါးသေဆုံး

တပ်မတော်ရဲ့သတင်းထုတ်ပြန်ချက်အရ အကြမ်းဖက်မှုနဲ့ စစ်ဆင်ရေးကာလအတွင်းမှာ လူ ၄ဝဝ နီးပါးသေဆုံးခဲ့ပြီး အများစုက ARSA အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ဆိုပါတယ်။

တခြားကျန်ရှိတဲ့ သေဆုံးသွားတဲ့လူတွေရဲ့အလောင်းကို တူးဖော်တွေ့ရှိတာမရှိဘူးလားလို့ မေးကြည့်တဲ့အခါမှာ လုံခြုံရေးတပ်ဖွဲ့နဲ့ ဒေသခံတွေက ကျန်နေတဲ့အလောင်းတွေကို ဆက်လက်ရှာဖွေမယ်လို့ဆိုပါတယ်။

တွေ့ခဲ့ရင် ဆေးပညာနဲ့စစ်ဆေးမယ်လို့လည်း ပြောပါတယ်။

အလောင်းကို လိုက်ပြပြီးနောက်မှာ မောင်တောမြို့ကို ခဏဝင်ပြီး မွတ်ဆလင်ရွာသားတွေနဲ့ တွေ့ဆုံမေးမြန်းခွင့်ပေးပါတယ်။

ထွက်မပြေးဘဲ ကျန်ခဲ့တဲ့ မောင်တောမြို့က မွတ်ဆလင်တွေကတော့ သူတို့အနေနဲ့ ဘာအမှားမှ မလုပ်တဲ့အတွက် ထွက်ပြေးစရာအကြောင်းမရှိဘူးလို့ ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
သတ်ဖြတ်မှု ဖြစ်ရာ မီဒီယာတွေ လေ့လာခဲ့ သတ်ဖြတ်မှု ဖြစ်ရာ မီဒီယာတွေ လေ့လာခဲ့ Reviewed by THITHTOOLWIN on 21:36 Rating: 5
Powered by Blogger.