ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
    ရန်ကုန် စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

    ရခိုင်ပြည်နယ် မောင်တောမြို့အတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ေ ဖ်ာဆောင်ရွက်ရေး အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။

အကြမ်းဖက်မှုတွင် ပါဝင်သူများအား အရေးယူနိုင်ရေးဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ညှိနှိုင်းမည်ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေး ဆုံး နေရပ်စွန့်ခွါ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားများအား ပြန်လည်နေရာချထားရေးတွင် မြို၊ ဒိုင်းနက် စသည့် ဌာနေတိုင်းရင်းသားများလည်း ပါဝင်လျက်ရှိရာ တိုင်းရင်းသားများ၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေးမှုဆိုင်ရာများကိုပါ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက်ပါ ရည်ရွယ်၍ UN-Habitat - United Nations Human Settlements Programme ထံမှ အကြံဥာဏ်များ ရယူနိုင်ရေးဆောင်ရွက်သွားရန်၊ ပြန်လည်လက်ခံမည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိနေသူများအား ၁၉၉၃ ခုနှစ် သဘောတူညီချက်ကိုအခြေခံ၍ စိစစ်မှုများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ပြန်လည်စိစစ်လက်ခံရေး အဖွဲ့တစ်ဖွဲ့ အမြန်ဆုံး ဖွဲ့စည်းဆောင်ရွက်ရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယာယီနေရာချထားပြီးနောက် ပြန်လည်နေရာ ချထားရာတွင် မူလကထက် ပိုမိုအဆင်ပြေနိုင်ရေး၊ ရေရှည်ဖွံ့ဖြိုးရေးကိုပါ ခြုံငုံ ပါဝင်စေမည့် အစီအစဉ်အား UN-Habitat ထံမှ အကြံဥာဏ်များ ရယူဆောင်ရွက်ရန်၊ မောင်တောဒေသအတွင်း လမ်းကွန်ရက်များစနစ်တကျ ရေးဆွဲဆောင်ရွက်ရာတွင် လျှပ်စစ်ဓါတ်အားလိုင်းများ၊ ရေမြောင်းစနစ်များ၊ စာသင်ကျောင်း၊ ဆေးရုံနှင့် ရဲကင်းစခန်းများ စသည်တို့ကိုပါ ထည့်သွင်း၍ ဒေသဖွံ့ဖြိုးရေးနှင့် ယှဉ်တွဲ ဆောင်ရွက်ရန်လည်း အစည်းအဝေးဆုံးဖြတ်ချက်တွင် ချမှတ်ခဲ့ကြောင်း သိရသည်။

ARSA အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းခံရသည့် တမန်းသားကျေးရွာမှ ပျောက်ဆုံးနေသာ ဟိန္ဒူဘာသာဝင် ၉၃ ဦး အခြေအနေ အမြန်ဆုံး သိရှိနိုင်ရန်အတွက် ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ ဒုက္ခသည် စခန်းတွင် အသက်မသေဘဲရောက်ရှိနေသည် ဟု သတင်း ထွက်ပေါ်နေရသော ဟိန္ဒူဘာသာဝင်အမျိုးသမီး ၆ ဦးနှင့် ကလေးငယ် ၃ ဦးတို့အား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး နယ်ခြားစောင့်တပ်များ အချင်းချင်း တောင်းခံထားပြီး ဖြစ်သော်လည်း သံတမန်လမ်းကြောင်းမှတစ်ဆင့်လည်း ထပ်မံ တောင်းခံသွားမညိဖြစ်သည်။

နယ်ခြားဒေသလုံခြုံရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ရန်အတွက် ဖိတ်ကြားထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  ပြည်ထဲရေး ဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်မှာ ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင်မပြေသဖြင့် ခရီးစဉ်မတိုင်မီ ရွေ့ဆိုင်းထားခဲ့ရသောကြောင့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးအား ထပ်မံဖိတ်ကြားမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်ထဲရေးဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ် ရဲချုပ် အတူလိုက်ပါနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ကလည်း  သီးခြားဖိတ်ကြားထားခဲ့သဖြင့် ထပ်မံ ဖိတ်ကြားမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဝင်များအား ယနေ့ စက်တင်ဘာ ၂၂ရက်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမတွင် အစည်းအဝေးပြုလုပ်ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည် ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်ခံရမှု၌ ပါဝင်သူများ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊ နိုင်ငံတကာရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂသို့ ပေးပို့မည် Reviewed by THITHTOOLWIN on 18:24 Rating: 5
Powered by Blogger.