တိုက်ခိုက်မှု လုပ်မယ့် သတင်းတွေကြောင့် လုံခြုံရေး ဘယ်လိုပြင်နေလဲ

 စစ်တွေ ဒုက္ခသည်စခန်းရှေ့က လုံခြုံရေး ယူထားတဲ့ အခြေအနေ
နေပြည်တော်၊ ရန်ကုန်၊ မန္တလေး မော်လမြိုင်စတဲ့ မြို့ကြီးတွေမှာ ARSA Arakan Rohingya Salvation Army အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်မယ့် သတင်းတွေ ရထားပြီး မသင်္ကာဖွယ်ရာ လှုပ်ရှားမှု သတင်းတွေရလာရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့ တပ်မတော် နဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတိပေးထားပြီးနောက် ရဲတပ်ဖွဲ့က နိုင်ငံအနှံ့ လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး အထူး ကြပ်မတ် ဆောင်ရွက်နေ ပါတယ်။

နေပြည်တော်မှာ ရဲအင်အား ၇၀ ရာခိုင်နှုန်း အထိ ချ ထားတယ်လို့ နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

နေပြည်တော်နဲ့ တခြားမြို့ရွာ တွေမှာ ဝင်ပေါက် ထွက်ပေါက် ဂိတ်တွေကို တင်းကျပ် စစ်ဆေးပြီး မြို့နယ် အလိုက် တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး ဆောင်ရွက်နေတယ်လို့ သူကဆိုပါတယ်။

ARSA အစွန်းရောက် အဖွဲ့ ကိုယ်တိုင် လာရောက် တိုက်ခိုက်တာမျိုး မဟုတ်ဘဲ သူတို့ရဲ့ အမာခံတွေက တဆင့်ဖောက်ခွဲ ဖျက်ဆီးတာတွေ လုပ်လာ နိုင်တယ်လို့ ယူဆပြီး ဖောက်ခွဲရာမှာ သုံးနိုင်တဲ့ ပစ္စည်းတွေ ဝင်နိုင်တဲ့ လမ်းကြောင်းတွေကို ထိန်းချုပ် ဆောင်ရွက်နေတဲ့ အပြင် လူဝင်လူထွက် ကိုလည်း စိစစ် ဆောင်ရွက် နေတယ်လို့ ရဲမှူးကြီး ဇော်ခင်အောင်က ပြောပါတယ်။

ARSA အဖွဲ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခဲ့အပြီး နိုင်ငံတကာက ပိုအာရုံစိုက်လာစေဖို့နဲ့ သူတို့အပေါ် ထောက်ခံမှုတွေ ပိုရအောင် ရည်ရွယ်ပြီး နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး အပါအဝင် တခြားမြို့ကြီး တွေမှာ အကြမ်းဖက် ဖောက်ခွဲ တိုက်ခိုက်မှုတွေ လုပ်ဖို့ ပြင်ဆင် ဆောင်ရွက်နေတယ်ဆိုတဲ့ သတင်းတွေ ရထား တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးနဲ့ တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်။

ရဲမှူးကြီး ဇော်ခင်အောင်ကတော့ တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ အကြောင်း ဘယ်လို သတင်း ရင်းမြစ်တွေကနေ ရခဲ့တယ်ဆိုတာ တိတိကျကျ မပြောခဲ့ပါဘူး။

လောလောဆယ် လုံခြုရေးအရ စစ်ဆေးဆောင်ရွက်မှု လုပ်ဆောင်ရာမှာလည်း ထူးခြားမှု မတွေ့ရသေးဘူးလို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
တိုက်ခိုက်မှု လုပ်မယ့် သတင်းတွေကြောင့် လုံခြုံရေး ဘယ်လိုပြင်နေလဲ တိုက်ခိုက်မှု လုပ်မယ့် သတင်းတွေကြောင့် လုံခြုံရေး ဘယ်လိုပြင်နေလဲ Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.