အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရသူ ၂သောင်းကျော်ရှိ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးရုံးမှာ တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ လူနည်းစုတိုင်းရင်းသားတွေအပါအ၀င် ရခိုင်တိုင်း ရင်းသားပေါင်း နှစ်သောင်းကျော်ရှိပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

နေပြည်တော်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးရုံးမှာ ရခိုင်ဒေသအတွက် အလှူငွေပေးအပ်ပွဲအပြီးမှာ ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောတာဖြစ်ပါတယ်။

အဲဒီတိုင်းရင်းသား ၂သောင်းကျော်ဟာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရပြီး စစ်တွေမြို့ပေါ်မှာတင် ဒုက္ခသည်စခန်း ၂၀ လောက် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ပညာရေးကဏ္ဍတွေမှာ ကူညီထောက်ပံ့ပေးသွား မှာဖြစ်တယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ပြောခဲ့ပါတယ်။

ဒီနေ့ အလှူငွေပေးအပ်ပွဲမှာ တောင်တွင်းကြီးမြို့နယ် ရခိုင်ဒေသဒုက္ခသည်များကူညီထောက်ပံ့ရေး အဖွဲ့က ပေးအပ်တဲ့ အလှူငွေကျပ်သိန်းပေါင်း ၁၈၈ သိန်းကျော် လက်ခံခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေ၊ အသက်သေဆုံးခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေနဲ့ နယ်စပ်ခြံစည်းရိုး ကာရံဖို့အတွက် မနေ့က စေတနာရှင်တွေ လှူဒါန်းတဲ့ ငွေကျပ်သိန်းပေါင်း ၄ သောင်း ၃ ထောင်ကျော် လက်ခံရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရသူ ၂သောင်းကျော်ရှိ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးနေရသူ ၂သောင်းကျော်ရှိ Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.