စစ်တွေမှာ မနေ့ညက လူစုလူဝေးဖြစ်ခဲ့

ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ စက်တင်ဘာလ ၂ဝ ရက်နေ့ညက လူစုလူဝေးဖြစ်ခဲ့စဉ်။ Photo: Information Committee
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်မှာ မနေ့က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က ဘူးသီးတောင်မြို့ကို ပို့ဆောင်မယ့် ပစ္စည်းတွေ စက်လှေပေါ်တင်ဆောင်နေရာမှာ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့ပါတယ်။

အဲဒီပစ္စည်းတွေဟာ မွတ်ဆလင်တွေဆီကို ပို့ပေးမယ့်ပစ္စည်းတွေလို့ ဒေသခံတွေက သံသရှိနေပြီး အများရှေ့မှာ ဖွင့်ဖောက်ပြဖို့ လူစုလူဝေးနဲ့တောင်းဆိုခဲ့ရာက ပဋိပက္ခဖြစ်ပွားခဲ့တာလို့ ဆတ်ရိုးကျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဓူဝံခိုင် ကပြောပါတယ်။

"ပစ္စည်းတွေကလည်း အကုန်လုံး ပိတ်ပြီးထားတာလေ၊ ဘာပစ္စည်းတွေပါမှန်းလည်း မသိဘူး၊ အဲဒါကို ပြန်သူက မကျေနပ်ဘူးလေ"

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC က  ဒုက္ခသည်တွေအတွက် အိုးခွက်ပန်းကန်၊ မျက်နှာသုတ်ပုဝါ စတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဆတ်ရိုးကျရပ်ကွက် ကယ်ဆယ်ရေးစခန်းအနီးမှာ စက်လှေကိုဆိုက်ကပ်ပြီး တင်ဆောင်ခဲ့တာဖြစ်ပါတယ်။ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ ဆိုလာမီးအိမ်တွေ၊ အဝတ်အထည်နဲ့ စောင်တွေ၊ တာပေါ်လင်နဲ့ ခြင်ထောင်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ စုစုပေါင်း တန်ချိန် ငါးဆယ်လောက် ပါဝင်တယ်လို့ ဖေါ်ပြပါတယ်။

ဒေသခံတွေဘက်ကတော့ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေက မောင်တောဒေသမှာ မွတ်ဆလင်တွေ အကြမ်းဖက်လုပ်ရပ်တွေလုပ်နိုင်အောင် ကူညီပေးနေတယ်၊ အကူအညီတွေကိုလည်း မွတ်ဆလင်တွေကိုသာ အဓိကထားပေးနေတာဖြစ်တယ်လို့ သံသယရှိနေကြတာကြောင့် စက်လှေပေါ်တင်ဆောင်ထားတဲ့ ပစ္စည်းတွေကို ဖွင့်ပြဖို့  တောင်းဆိုခဲ့ကြတာလို့ သိရပါတယ်။ ဒါပေမဲ့ ဖွင့်မပြတာတာကြောင့် သံသယတွေ ကြီးထွားလာခဲ့ပြီး လူအုပ်စု တဖြည်းဖြည်းများလာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

လူထုကိုအချိန်မီ ရှင်းပြပေးဖို့ ICRC အဖွဲ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကို သွားရောက်ခဲ့ကြရာမှာ ပြည်နယ်အစိုးရဝန်ကြီးတွေ အစည်းအဝေးလုပ်နေတာ စောင့်နေရလို့ နှောင့်နှေးကြန့်ကြာခဲ့ရတယ်လို့ ICRC ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ညပိုင်းမှာ စက်လှေအနီး လူ ၃၀၀ လောက်အထိ များလာခဲ့ပြီး၊ ခဲတွေ၊ ဓါတ်ဆီပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့လို့ ရဲတပ်ဖွဲ့က ဒိုင်းတွေနဲ့တွန်းထုတ်၊ သံဃာတော်တွေက ဖျန်ဖြေ၊ မီးသတ်ယာဉ်တွေနဲ့ ရှင်းလင်းနေစဉ်မှာ၊  ဂျင်ဂလိတွေနဲ့ ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့က ၁၂ ဗို့ ဂရီနာသေနတ်နဲ့ ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း၊ စစ်တပ်ပါ ရောက်ရှိလာပြီး ည ၁၁ နာရီဝန်းကျင်မှာ လူစုကွဲသွားကြောင်း၊ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတချို့ ထိခိုက် ဒဏ်ရာရခဲ့ပြီး၊ လူအုပ်ထဲပါဝင်သူ ၈ ဦး ခန့်ကို ထိန်းသိမ်းစစ်ဆေးနေကြောင်းအစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ က ထုတ်ပြန်ပါတယ်။

အခင်းဖြစ်နေရာ အနီးတစ်ဝိုက်မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားကြောင်းလည်းသိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

စစ်တွေမှာ မနေ့ညက လူစုလူဝေးဖြစ်ခဲ့ စစ်တွေမှာ မနေ့ညက လူစုလူဝေးဖြစ်ခဲ့ Reviewed by THITHTOOLWIN on 10:36 Rating: 5
Powered by Blogger.