အမေရိကန်က မြောက်ကိုရီးယားကို ထပ်အရေးယူ

 တောင်ကိုရီးယား သမ္မတနဲ့အမေရိကန်သမ္မတ
မြောက်ကိုရီးယား နျူးကလီးယား အစီအစဉ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ် ပိတ်ဆို့ အရေးယူမှု အသစ်တွေချမှတ် လိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ စီးပွားရေးအရ ဆက်သွယ်တဲ့ လုပ်ငန်းတွေ ငွေကြေး အဖွဲ့အစည်းတွေကို အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာနက ပစ်မှတ်ထား အရေးယူဖို့ လုပ်ပိုင်ခွင့်အပ်နှင်း လိုက်ပါတယ်။ အခုအခါ တရုတ် ဗဟိုဘဏ်က အခြား တရုတ် ဘဏ်တွေအနေနဲ့ မြောက်ကိုရီးယား အစိုးရနဲ့ စီးပွားရေး မလုပ်ဖို့ ညွှန်ကြားထားပြီ လို့လည်း သမ္မတထရမ့်က ထည့်သွင်း ပြောကြားသွားပါတယ်။

မြောက်ကိုရီးယားက နောက်ဆုံး နျူကလီးယား စမ်းသပ်မှု လုပ်အပြီးမှာ ကုလသမဂ္ဂ ဘက်က ပိတ်ဆို့အရေးယူမှု အသစ်တွေ ချမှတ်ပြီး၂ပတ်မပြည့်မီမှာပဲ သမ္မတက အခုလို ထပ်အရေး ယူတာဖြစ်ပါတယ်။

ဒီလိုသမ္မတ အမိန့်ကို ကြေငြာရာမှာ လူသားတွေ အတွက်အလွန် ဆိုးဝါးတဲ့ လက်နက်တွေကို မြောက်ကိုရီးယားက ထုတ်လုပ်တဲ့ ဝင်ငွေတွေကို ဖြတ်တောက်ဖို့ လုပ်ရတာလို့ သမ္မတ ထရမ့်ကပြောပါတယ်။

မြောက်ကိုရီးယား နိုင်ငံက အထည်အလိပ် လုပ်ငန်း ငါးဖမ်းလုပ်ငန်း အိုင်တီနဲ့ အခြားကုန်ထုတ် လုပ်ငန်းတွေကို သမ္မတက အဓိကရည်ရွယ်ပါတယ်။ မြောက်ကိုရီးယားက နျူးကလီးယားလက်နက်နဲ့ ဒုံးကျည် စီမံကိန်းအတွက် နိုင်ငံတကာ ငွေကြေးစနစ်ကြီးကို အလွဲသုံးစားလုပ်နေတာ ကြာပြီဖြစ်ကြောင်းနဲ့ အခုမြောက်ကိုရီးယား နိုင်ငံတခုထဲကို ထိခိုက်ဖို့ရည်ရွယ်ကြောင်း သမ္မတကဆက်ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဆာဂေး လဘရော့ကတော့ မြောက်ကိုရီးယား နျူကလီးယား လက်နက် စမ်းသပ်တာကိုအကြောင်းပြုပြီး စစ်တိုက်ဖို့ ကြွေးကြော်နေတာဟာ ပျက်စီးမှုကို ဦးတည်နေတာလို့ အမေရိကန်ကို တိုက်ရိုက်မပြောပဲ ကုလသမဂ္ဂကို သွယ်ဝိုက် သတိပေးလိုက်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ တာဝေးပစ်ဒုံး လက်နက်နဲ့ နျူးကလီးယား လက်နက်တွေကို အချိန်တိုအတွင်း တိုးတက်အောင် အံ့မခန်း ဆောင်ရွက်နိုင်တယ်လို့ ကျွမ်းကျင် သူတွေက ပြောဆိုနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
အမေရိကန်က မြောက်ကိုရီးယားကို ထပ်အရေးယူ အမေရိကန်က မြောက်ကိုရီးယားကို ထပ်အရေးယူ Reviewed by THITHTOOLWIN on 07:18 Rating: 5
Powered by Blogger.