ရုပ်အလောင်း ၄၅ ခု မောင်တောတွင် ထပ်မံ တွေ့ရှိ

စက်တင်ဘာ ၁၂ ရက်နေ့က မောင်တောမြို့အနီး ကူညီကယ်ဆယ်ရေးစခန်းတစ်ခုတွင် တွေ့ရသည့် နေရပ်စွန့်ခွာထွက်ပြေးလာသူတချို့ (ဓာတ်ပုံ - REUTERS)
အကြမ်းဖက်အဖွဲ့လက်ချက်ကြောင့် သေဆုံးသွားသူတို့၏ ရုပ်အလောင်းများကို ဆက်လက်ရှာဖွေရာ ၄၅ လောင်း ထပ်မံတွေ့ရသည်ဟု ပြည်နယ်အစိုးရက ပြောသည်

ရန်ကုန် (Myanmar Now) – ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ARSA အကြမ်းဖက်သမားတို့၏ လက်ချက်ကြောင့် သေဆုံးသွားသူတို့၏ ရုပ်အလောင်းများကို ရှာဖွေသည့် တတိယနေ့တွင် ရုပ်အလောင်း ၄၅ ခု တူးဖော် တွေ့ရှိရသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာ ၂၅ ညနေပိုင်းတွင် ပြောသည်။

အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂၁ ဦး၏ ရုပ်အလောင်းတို့ဖြစ်ကြောင်း၊ ကလေးရုပ်အလောင်း ပါဝင်မှု ရှိမရှိ စိစစ်နေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

ARSA အဖွဲ့ လက်ချက်ကြောင့် ၉၃ ဦး သေဆုံးသွားသည်ဟု သတင်းရပြီး ပထမနေ့တွင် ရုပ်အလောင်း ၂၈ ခု တူးဖော်နိုင်ခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ပြီးဖြစ်သည်။

“ARSA အကြမ်းဖက်သမားတွေကလုပ်တာလို့ ဘာ့ကြောင့်ပြောလို့ရလဲဆိုရင် ဒီဒေသမှ ဒီတဖွဲ့ထဲပဲ အကြမ်းဖက်အဖွဲ့ကရှိ တာလေ” ဟု ဦးတင်မောင်ဆွေက ဆိုသည်။

သတ်ဖြတ်ခံရသူတို့မှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြောင်း၊ တူးဖော်ရရှိထားသည့် ရုပ်အလောင်းများကို သက်ဆိုင်သည့် မိသားစုဝင်တို့ကို ပြသအတည်ပြုပြီး မိသားစုများက ၎င်းတို့၏ ရိုးရာ ထုံးစံအတိုင်း သဂြိုလ်သွားမည်ဟု သူက ဆက်ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် ရောက်နေသည့် ရဲဘော်ကျကျေးရွာနေသူတဦးက စစ်တွေမြို့တွင် ရောက်ရှိနေသည့် မောင်တောလေးမိုင်မှ ဦးနီမောလ်ကို ဖုန်းဆက်သဖြင့် စတင် သတင်းရကြောင်း၊ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီး တူးဖော် ရရှိကြောင်း အစိုးရက သတင်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်အဖွဲ့၏သတ်ဖြတ်မှုသတင်းနှင့် ပတ်သက်ပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသူတချို့ကို Myanmar Now က ဆက်သွယ်မေးမြန်းရာ အမျိုးသမီး ၂ ဦးနှင့် အဆက်အသွယ် ရခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရောက် ၂၅ နှစ်အရွယ် မရီးခ်ျနားက ARSA အကြမ်းဖက်အဖွဲ့ သတ်ဖြတ်ခြင်း ရှိမရှိကို အတတ် မပြောနိုင်ကြောင်း၊ ဒုက္ခသည်စခန်းမှ အမျိုးသားများကို လာရောက် ခေါ်ဆောင်သွားပြီး ရိုက်နှက်ကြသည်ကိုမူ တွေ့ကြုံကြရကြောင်း ရှင်းပြသည်။

“ကျွန်မက ခမောင်းဆိပ်မှာ နေခဲ့တာ။ သတ်နေကြပြီဆိုတာနဲ့ ကြောက်လန့်တကြားနဲ့ ထွက်လာတာ။ ကျွန်မ ဆွေမျိုးတွေလည်း အသက်ခံရတဲ့သူတွေထဲမှာ ပါသွားတယ် ဆိုတာ။ ဒီမှာ အစိုးရက ကူညီပေမယ့် (ARSA အဖွဲ့ဝင်များဟု ယူဆရသူတို့က) ရန်လာလာရှာတာတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်တွေမြို့ကိုရောက်ရှိနေသော ခမောင်းဆိပ်ကျေးရွာမှ မလှလှဝင်းက ရွာအနီး သတ်ဖြတ်နေသည့်သတင်းများ၊ သေနတ်သံများ ကြားရသည်ဟု ဆိုသည်။

“လူသတ်နေကြတာကို ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့ရတာတော့ မဟုတ်ဘူး။ ရွာအနီးမှာ သတ်ဖြတ်နေတာကို ကြားရလို့ ထွက် ပြေးလာတာ” ဟု မလှလှဝင်းက ပြောသည်။

စက်တင်ဘာ ၁၂ ရက်နေ့က မောင်တောမြို့အနီး ကူညီကယ်ဆယ်ရေးစခန်းတစ်ခုတွင် တွေ့ရသည့် နေရပ်စွန့်ခွာထွက်ပြေးလာသူတချို့ (ဓာတ်ပုံ - REUTERS)

ထက်ခေါင်လင်း / Myanmar Now
Myanmar Now
https://www.facebook.com/myanmarnownews/
ရုပ်အလောင်း ၄၅ ခု မောင်တောတွင် ထပ်မံ တွေ့ရှိ ရုပ်အလောင်း ၄၅ ခု မောင်တောတွင် ထပ်မံ တွေ့ရှိ Reviewed by THITHTOOLWIN on 18:48 Rating: 5
Powered by Blogger.