မြောက်ကိုရီးယားကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်

ထရမ့်ရဲ့အရင်ခရီးသွားလာခွင့်ပိတ်ပင်တာတွေက ပြည်တွင်းပြည်ပမှာဝေဖန်ခံခဲ့ရ
အမေရိကန်က သူ့ရဲ့ အငြင်းပွားဖွယ်ရာ ပြည်ဝင်ခွင့်ပိတ်ပင်တဲ့ နိုင်ငံစာရင်းထဲမှာ မြောက်ကိုရီးယား အပါအဝင် ဗင်နီဇွဲလားနဲ့ ချပ် နိုင်ငံတွေကိုပါ ထပ်တိုးလိုက်ပါတယ်။

အိမ်ဖြူတော် ကတော့ ဒီကန့်သတ်ချက်က နိုင်ငံရပ်ခြားအစိုးရတွေဆီက ရတဲ့ သတင်းအချက်အလက် တွေပေါ် မူတည်ပြီး ပြန်လည်သုံးသပ်ခဲ့တာလို့ ဆိုပါတယ်။ ဒီကြေညာချက်က သမ္မတ အခွင့်အာဏာကို အသုံးပြုပြီးဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

"အမေရိကန်ရဲ့ လုံခြုံရေးက ကျွန်တော့်ရဲ့ နံပါတ်တစ်ဦးစားပေးပါ။ လုံခြုံရေးအတွက် သေသေချာချာ စစ်ဆေးတာတွေ မလုပ်ဘဲ သူတို့ကို လက်ခံမှာ မဟုတ်ဘူး" လို့ မစ္စတာထရမ့်ကပြောပါတယ်။

အခု အသစ်ပိတ်ပင်တာမှာ ဗင်နီဇွဲလား နိုင်ငံအတွက်ကတော့ အစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေသာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ မူလက အမေရိကန် ပြည်ဝင်ခွင့်ပိတ်ပင်ခံထားရတဲ့ နိုင်ငံတွေကတော့ အီရန်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်နဲ့ ဆိုမာလီယာ နိုင်ငံတွေပါ။

အသစ်ထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ ကြေညာချက်ထဲမှာ အရင်ပိတ်ပင်ထားတဲ့ ဆူဒန် နိုင်ငံ ကိုတော့ စာရင်းကနေ ပြန်လည်ဖယ်ထုတ်လိုက်တာတွေ့ရပါတယ်။

သမ္မတထရမ့်ရဲ့ ကနဦး သွားလာခွင့်ပိတ်ပင်ခဲ့တဲ့ ၆ နိုင်ငံဟာ အဓိက မွတ်ဆလင်အများစု ရှိတဲ့ နိုင်ငံ တွေဖြစ်တာကြောင့် အငြင်းပွားတာတွေလည်း ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပါတယ်။

အခု အသစ် ကန့်သတ်မှုကို အောက်တိုဘာလ ၁၈ ရက်နေ့မှာ စတင် မှာ ဖြစ်ပြီး ဒီမတိုင်ခင် ဗီဇာ ရထားပြီးသူတွေကတော့ ပြည်ဝင်ခွင့် ရရှိမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြောက်ကိုရီးယားကို အမေရိကန် ပြည်ဝင်ခွင့် ပိတ် မြောက်ကိုရီးယားကို အမေရိကန် ပြည်ဝင်ခွင့် ပိတ် Reviewed by THITHTOOLWIN on 16:07 Rating: 5
Powered by Blogger.