![]() |
(မောင်တောမြို့နယ် ပညာရေးမှူးရုံးကို တွေ့ရစဉ်) |
မောင်တောမြို့ပေါ်တွင် စက်တင်ဘာ ၁၉ ရက်နေ့မှ စတင်ပြီး စာသင်ကျောင်း ၅ ကျောင်းကို စတင်ဖွင့်လှစ်မည်ဟု သတင်းရရှိသည်။
မြို့နယ်ပညာရေးမှူး ဦးခင်အောင်က “ မနက်ဖြန် မြို့ပေါ် ၅ ကျောင်း စဖွင့်မှာပါ။ နယ်ဖက်တွေမှာက လောလောဆယ်မှာ ကျောင်းသူ ကျောင်းသားများ မရောက်သေးတဲ့ အတွက် မဖွင့်နိုင်သေးဘူး။ ကျောင်းသား ကျောင်းသူတွေ ပြန်ရောက်လာရင်တော့ တစ်ကျောင်းပြီး တစ်ကျောင်း လုံခြုံရေး အခြေအနေပေါ်မှာ မူတည်ပြီး ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
၂၀၁၇ သြဂုတ် ၂၅ ရက်နေ့ မောင်တောမြို့နယ်တစ်လျှောက်ရှိ နယ်ခြားစောင့် စခန်းများ တိုက်ခိုက်ခံရပြီးနောက်မှ စပြီး မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းပေါင်း ၄၀၀ ကျော်ကို ပိတ်ထားခဲ့ရသည်။
ထိုသို့ ပိတ်ထားပြီးနောက် အခြေအနေတိုးတက်ကောင်းမွန်းလာသည်ဟု ဆိုကာ စက်တင်ဘာ ၁၃ ရက်နေ့မှစပြီး ကျောင်းတစ်ချို့ကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။
ဘူးသီးတောင်မြို့ပေါ်တွင် စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အတွင်း ကျောင်းပေါင်း ၂၀ ကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ကပြောသည်။
၎င်းနောက်ပိုင်းတွင် အကြမ်းဖက်မှု အကြီးအကျယ် ဖြစ်ပွားခဲ့ရာ မောင်တောမြို့ပေါ်တွင် စာသင်ကျောင်းများကို ပြန်လည် ဖွင့်လှစ်ရန် သက်ဆိုင်ရာမှ စီစဉ်လာခြင်း ဖြစ်သည်။
မောင်တောနှင့် ဘူးသီးတောင်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဆရာ ဆရာမများကိုလည်း စက်တင်ဘာ ၁၇ ရက်နေ့ကို နောက်ဆုံးထားပြီး ပြန်လာကြရန် ပြည်နယ် ပညာရေးမှူးရုံးမှ ညွှန်ကြားစာထုတ်ပြန်ခဲ့သည်။
Narinjara
https://www.facebook.com/Narinjara
မောင်တောတွင် အစိုးရစာသင်ကျောင်း ၅ ကျောင်း စတင်ဖွင့်လှစ်မည်
Reviewed by THITHTOOLWIN
on
08:09
Rating:
