ဦးဝီရသူ ဟောပြောပွဲ မြို့နယ်က ခွင့်မပြု

ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပတဲ့ ဟောပြောပွဲမှာ ဆရာတော် ဦးဝီရသူကို တွေ့ရစဉ်။ Photo: Aung Thain Kha/RFA
ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ဒီကနေ့ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ဆရာတော် ဦးဝီရသူရဲ့ ဟောပြောပွဲကို မြို့နယ်ထံ ခွင့်ပြုချက်တောင်းခံထားတဲ့ အချက်အလက်တွေ မပြည့်စုံတာကြောင့် ခွင့်မပြုထားကြောင်း ဘားအံမြို့နယ်အဆင့် တာဝန်ရှိသူက ပြောပါတယ်။

ဆရာတော်ဦးဝီရသူက ဒီကနေ့ ဘားအံမြို့မှာ တရားပွဲကျင်းပမယ်လို့ သိရတဲ့အတွက် RFA က မေးကြည့်ရာမှာ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အခုလို ပြောပါတယ်။

"ကျန်းမာရေးရှုထောင့်အရပဲဖြစ်ဖြစ် သူတို့တင်ပြချက်ထဲကပဲဖြစ်ဖြစ် လိုအပ်ချက်တွေကများတဲ့အတွက် ကျနော်တို့ကတော့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအနေနဲ့ ဒါကို သဘောမတူပါဘူး။ ကျင်းပတဲ့အချိန်ကလည်း နေ့လည်တစ်နာရီဖြစ်နေတော့ နေအရမ်းပူတယ်။ အများပြည်သူအတွက် ဒုက္ခရောက်မယ်။ ဒါကြောင့် ကျနော်တို့က လက်ရှိအခြေအနေတွေအရရော ဥပဒေအရရော မြို့နယ်စီမံခန့်ခွဲမှုကော်မတီအနေနဲ့ သဘောမတူပါဘူးလို့ တင်ပြတဲ့လူပုဂ္ဂိုလ် ၃ ဦးကို ပြောလိုက်ပါတယ်"

ဘားအံမြို့ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ဒီနေ့ နေ့လည် ၁ နာရီမှာ ဟောပြောပွဲပြုလုပ်ဖို့ ခွင့်ပြုချက်တောင်းခံထားတာ ဖြစ်ပါတယ်။ ဟောပြောပွဲ ခေါင်းစဉ်က "အကြမ်းဖက်ဘင်္ဂလီအရေး၊ အမျိုးဘာသာသာသနာအရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ ခွင့်ပြုချက် တင်ထားတာဖြစ်ပါတယ်။

လက်ရှိ အခြေအနေဟာ ဟောပြောပွဲပြုလုပ်ဖို့ မသင့်သလို ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း လုံခြုံရေးကို အထူးသတိထား ဆောင်ရွက်နေတဲ့ အချိန်လည်းဖြစ်တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဆရာတော်ဦးဝီရသူကို တရားဟောခွင့် ၁ နှစ် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ တရားပွဲကို မြို့နယ်က သဘောမတူဘဲ ကျင်းပမယ်ဆိုရင် ပွဲစီစဉ်သူတွေရဲ့ တာဝန်သာဖြစ်တယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးဝီရသူ ဟောပြောပွဲ မြို့နယ်က ခွင့်မပြု ဦးဝီရသူ ဟောပြောပွဲ မြို့နယ်က ခွင့်မပြု Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.