လုံခြုံရေးနဲ့ပတ်သက်လို့ ကောလဟာလ ထွက်ပေါ်

အရပ်ဖက် အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးအတွက် ဆွေးနွေး
ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေ နဲ့ ဆက်စပ်နေတဲ့ အဖွဲ့တွေဟာ နိုင်ငံတဝန်းက မြို့ကြီးပြကြီးတွေမှာ ဆူပူ အကြမ်းဖက်မှုတွေ လုပ်မယ်လို့ သတင်းရရှိထားတာကြောင့် ရဲတပ်ဖွဲ့ကနေ တိုင်းနယ်ပြည်နယ်တွေမှာ လုံခြုံရေးကို အနီရောင်အဆင့် တိုးမြှင့်ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီး အစိုးရ နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ကနေ သတင်းတွေ ထုတ်ပြန်နေပေမယ့် အကြမ်းဖက်မှုတွေ နဲ့ ပတ်သက်လို့ ကောလဟာလ တွေထွက်ပေါ်နေပြီး တဖက်နဲ့ တဖက် လူမျိုးရေးပြဿနာတွေ အထိ ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ရန်ကုန်၊ မန္တလေး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ရေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေကို လုံခြုံရေးအထူး တိုးမြှင့်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ စီမံရေးရာဌာနရဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီးသက်နိုင် ပြောပါတယ်။

ဒါ့အပြင် ပါကစ္စတန် နိုင်ငံသားတစ်ဦးဟာ နိုင်ငံတွင်း ဝင်ရောက်ပြီး ဖောက်ခွဲရေး အကြမ်းဖက်မှုတွေ လုပ်မယ်လို့ သတင်းထွက်နေ ပေမယ့် စုံစမ်းစစ်ဆေးနေတဲ့ အဆင့်မှာပဲ ရှိပြီး အတိအကျ မထုတ်ပြန်နိုင်သေးဘူးလို့ ရဲက ဆိုပါတယ်။

အခုလို အခြေအနေမျိုးမှာ အစိုးရအနေနဲ့ ဒါတွေကို သေချာ ကိုင်တွယ်ပေးဖို့ လိုတယ်လို့ အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေ ကပြောပါတယ်။

မြန်မာ နိုင်ငံလုံး ဆိုင်ရာ အစ္စလာမ် သာသနာရေး အဖွဲ့ကြီး ကတော့ အကြမ်းဖက်မှုတွေ ဖြစ်လာရင် အပြစ်မဲ့သူတွေ ခံရမှာကို စိုးရိမ်ကြောင်း နဲ့ ရခိုင်ပဋိပက္ခမှာ ပါဝင်တဲ့ ARSA အကြမ်းဖက်အဖွဲ့ကို အပြင်းအထန် ရှုတ်ချပြီး အကြမ်းဖက်မှုတွေကို ကာကွယ်ဖို့ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဘာသာပေါင်းစုံ အဖွဲ့တွေ နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
လုံခြုံရေးနဲ့ပတ်သက်လို့ ကောလဟာလ ထွက်ပေါ် လုံခြုံရေးနဲ့ပတ်သက်လို့ ကောလဟာလ ထွက်ပေါ် Reviewed by THITHTOOLWIN on 23:05 Rating: 5
Powered by Blogger.