တာချီလိတ်တွင် မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦး သေဆုံး


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)ရှိ သုံးခန်းတွဲလူနေအိမ်တစ်လုံး စက်တင်ဘာလ (၂၈)ရက်နေ့ည (၉)နာခွဲဝန်းကျင်က မီးလောင်ကျွမ်းမှုဖြစ်ပွားရာမှ အသက်(၅၀)၀န်းကျင်ရှိ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာ ဦးအားချို၏ ဝါးထရံနေအိမ်တွင် ဆယ်ပေပတ်လည် အိမ်ခန်းသုံးခန်းရှိသည့်အနက် အခန်းငှား နေထိုင်သည့် ဝဲဘက်အစွန်ဆုံးအခန်းမှ ဇာဂရိဆိုသူသည် ဖယောင်းတိုင်ထွန်းပြီး အိပ်ပျော်သွားရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။


အိမ်ခန်းသုံးခုလုံးအား မီးကူးစက်လောင်ကျွမ်းသွားရာ ယာဘက်အစွန်ဆုံးအခန်းတွင် နေထိုင်သည့် အသက် (၅၀)ခန့်အရွယ် ဒေါ်ဝင်းဆိုသူမှာ မီးလောင်ကျွမ်းကာ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုအား ပတ်ဝန်းကျင် ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ရာ မီးလောင်ကျွမ်းမှု (၁၅)မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခြင်းဖြစ်ကြောင်း သိရသည်။


မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထိန်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနု၊ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးကြည်စိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ကြပြီး တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဇော်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင် (၂၀)ဦး၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ရန်အောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအားဆော်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ပြည်သူ့စစ်၊ ရပ်မိရပ်ဖများ ပူးပေါင်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မီးလောင်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဒေါ်ဝင်း၏ ရုပ်အလောင်းအား တာချီလိတ်ဆေးရုံတွင် ပို့ဆောင် စစ်ဆေးနေပြီး မီးပေါ့ဆစွာ အသုံးပြုသူ ဇာဂရိအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၉၇/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄ - ကဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - OLN၊ TPO
Tachileik News Agency
http://www.tachileik.net
တာချီလိတ်တွင် မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦး သေဆုံး တာချီလိတ်တွင် မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသမီးတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.