ဟိန္ဒူဘာသာဝင်များ၏ ဖော်ထုတ်ချက်အရ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် တွင် လူသေအလောင်းများ တွေ့ရှိ


စက်တင်ဘာ ၂၄၊၂၀၁၇

မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀၀ အကွာ မြေကျင်း အတွင်းမှ စက်တင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီ ၅ မိနစ်က လူသေအလောင်းများ မြှုပ်ထားသည်ကို တွေ့ရှိရကြောင်း သိရသည်။

ARSA အစွန်းရောက် အကြမ်းဖက်သမားများကြောင့် စစ်တွေမြို့သို့ ရောက်ရှိနေသော မောင်တောလေးမိုင်မှ ဟိန္ဒူဘာသာဝင် ဦးနီမောလ် (ဟိန္ဒူဘာသာဝင်ကူညီရေး ခေါင်းဆောင်)ထံ တစ်ဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ရဲဘော်ကျကျေးရွာနေ သူတစ်ဦးက ဖုန်းဆက်သွယ် ပြောကြားချက်အရ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်သည် ရဲဘော်ကျကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးခန့်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ရွာ၏အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများအား သတ်ဖြတ်ကာ အမျိုးသမီး ၈ ဦးအား အစ္စလာမ်ဘာသာသို့ ၀င်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ခေါ်ဆောင် သွားခဲ့ကြောင်း။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဟိန္ဒူဘာသာဝင် တစ်ဦး၏ နေအိမ်တွင် နေထိုင်လျက် ရှိကြောင်း ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြေပြင်သတင်းဖော်ထုတ်ရန်အတွက် ဦးနီမောလ်၊ ဦးရွှေနီတို့နှင့်အတူ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် စက်တင်ဘာ ၂၄ ရက် နံနက် ၇ နာရီတွင် ခမောင်းဆိပ်ကျေးရွာမှ အမျိုးသား၊ အမျိုးသမီး၃ ဦး၊ တမန်းသားကျေးရွာမှ ၄ ဦးတို့နှင့်အတူ ရဲဘော်ကျကျေးရွာသို့ ထွက်ခွာခဲ့သည်။

၎င်းပူးပေါင်းအဖွဲ့များက ဖြန့်ခွဲရှာဖွေစဉ် ရဲဘော်ကျကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၂၀၀ ခန့်အကွာ၌ မသင်္ကာဖွယ် မြေအနေအထား တွေ့ရှိရပြီး အပုတ်နံ့ ရရှိသဖြင့် တူးဖော်ရှာဖွေရာ အကျယ် ၁၃ ပေပတ်လည် မြေကျင်း ၂ ကျင်းအား ၁၀ ပေ အကွာအဝေးခြား တွေ့ရှိခဲ့ရသည်။

အဆိုပါ မြေကျင်းတစ်ကျင်းအား နံနက် ၁၁ နာရီခွဲတွင် စတင်တူးဖော်ရာ အလောင်း ၃ လောင်း တွေ့ရှိခဲ့ပြီး ဆက်လက်တူးဖော်ရာ မွန်းလွဲ ၂ နာရီတွင် အလောင်း ၈ လောင်း၊ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် အလောင်း ၁ လောင်း၊ ပေါင်း အလောင်း ၁၂ လောင်း တူးဖော်ရရှိခဲ့သည်။

ဆက်လက်၍ မွန်းလွဲ ၂ နာရီခွဲတွင် ဒုတိယမြေကျင်းအား ထပ်မံတူးဖော်ရာ အသက် ၁၀ နှစ် အောက် အမျိုးသား ၆ ဦး၊ အသက် ၁၆ နှစ်အောက် အမျိုးသား ၂ဦး၊ အသက် ၁၆ နှစ်အထက် အမျိုးသမီး ၈ ဦး၊ ပေါင်း အလောင်း ၁၆ လောင်းအား တူးဖော်ရရှိခဲ့သည်။

ယနေ့ တူးဖော်ရရှိသည့် ရုပ်အလောင်းများမှာ ဟိန္ဒူဘာသာဝင် အမျိုးသား ၈ လောင်း၊ အမျိုးသမီး အလောင်း ၂၀၊ စုစုပေါင်း ၂၈ လောင်း ဖြစ်ကြောင်း သိရှိရသည်။

တူးဖော်ရရှိသည့် ရုပ်အလောင်းများအား လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ ရှာဖွေမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

Information Committee
https://www.facebook.com/InfomationCommittee

ဟိန္ဒူဘာသာဝင်များ၏ ဖော်ထုတ်ချက်အရ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် တွင် လူသေအလောင်းများ တွေ့ရှိ  ဟိန္ဒူဘာသာဝင်များ၏ ဖော်ထုတ်ချက်အရ မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် တွင် လူသေအလောင်းများ တွေ့ရှိ Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.