နမ့်ခမ်းမြို့နယ်တွင် အိမ်ထောင်စု၊ မှတ်ပုံတင်ပြုလုပ်သူများကို လဝကမှ ငွေကြေးကောက်ခံနေ


စက်တင်ဘာ ၅ ရက်၊ မားနဂါး၊ နမ့်ခမ်း။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် မှတ်ပုံတင်နှင့် အိမ်ထောင်စု လာရောက်ပြုလုပ်သည့် ကျေးရွာမှ ဒေသခံ လူထုများကို လဝကမှ ငွေကြေးကောက်ခံမှု ပြုလုပ်နေဆဲဟု သိရသည်။

မှတ်ပုံတင်ပျောက်လျှောက်သူ အွယ်လောရွာ အမျိုးသမီးက "ကျမက မှတ်ပုံတင်ပျောက်လို့ပြန်လျှောက်တာ ၃ လ လောက်ကြာတယ် တစ်ခါသွားလည်း ဦးစီးမှူးမရှိဘူးလို့ပဲပြောတယ် ရပြန်လည်း မှတ်ပုံတင်ဖိုး ၄ဝ,ဝဝဝ တောင်းတယ် ကျမတို့သွားလာစရိတ်လည်း တော်တော်ကုန်နေပြီဆိုပြီးပြောတော့ ၃၅ဝဝဝ ပေးလိုက်ရတယ်။ သင်္ကြန်မတိုင်ခင်ကတည်းက ကျမလျှောက်ထားတယ် ပြီးခဲ့ သြဂုတ်လကုန်ပိုင်းမှ သူတို့ထုတ်ပေးတယ် ဒါတောင် ခဏခဏ ရုံးကိုသွားမေးနေရတယ်" ဟု စက်တင်ဘာ ၅ ရက်တွင် မားနဂါးသတင်းဂျာနယ်သို့ပြောသည်။

ကျေးရွာမှလာသည့်ဒေသခံများသည် မှတ်ပုံတင် အိမ်ထောင်စုပြုလုပ်ရန် သွားလာစရိတ်နှင့် မြန်မာစကားပြောဆို တတ်သူများကို အကူအညီတောင်းခံနေရပြီး စကားပြန်လုပ်ပေးသူများကိုလည်း လမ်းစရိတ်နှင့် လက်ဖက်ရည်ဖိုးများ ပါ ပေးနေရသည့်အပြင် လဝကဝန်းထမ်းများကလည်း မှတ်ပုံတင်ဖိုး သောင်းဂဏန်း ထပ်မံ တောင်းခံနေသည်ဟု ဒေ သခံများက ဆိုသည်။

အွယ်လောရွာမှ တာဝန်ရှိသူတစ်ဦးက "မှတ်ပုံတင်လုပ်တာ ၄၊ ၅ သောင်းမကုန်ဘူး တချို့က ပွဲစားနဲ့ လုပ်လို့ အဲလောက်ကုန်တယ် ၂ သောင်းလောက်ပဲကုန်တယ်။ သူတို့ စာရွက်စာတမ်းဖိုးနဲ့ ရုံးရန်ပုံငွေအတွက်ပဲ ပေးရတယ် ဦးစီးက ငါးထောင်ပဲတောင်းတယ်။ ကျနော်တို့ပေါ်မှာလည်း မူတည်တယ်ပေါ့ အမြန်လိုချင်တယ်ဆိုရင် ကုန်ကျတော့ ခံရမှာပေါ့ နေ့ချင်းပြီး တစ်နာရီလည်းရတယ် ကုန်ကျမခံရင်တော့ သုံးလေးရက်စောင့်ရမှာပေါ့" ဟု ပြောသည်။

နမ့်ခမ်းမြို့နယ်သည် ယခင်ကတည်းကပင် မှတ်ပုံတင်နှင့် အိမ်ထောင်စု သွားရောက်ပြုလုပ်ပါက ၅ဝဝဝ၊ ၁ဝဝဝဝ ကျပ် ကောက်ခံနေပြီး ယခုနောက်ပိုင်းတွင် ၅သောင်းအထိ တောင်းခံမှုများ ပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။

နမ့်ခမ်းမြို့ခံ အမျိုးသမီးတစ်ဦးက "ကျမက အိမ်ထောင်စုအမည်နဲ့ မှတ်ပုံတင်အမည်မတူလို့ ပြန်သွားပြောင်းတယ် အဲ ဒါနဲ့ ၂၅ဝဝဝ ပေးရတယ်။ ကျမတို့က ရုံးသွားတဲ့အတွေ့အကြုံလည်းမရှိဘူးဆိုတော့ သွားတတ်တဲ့လူတွေကို အားကိုးရ တယ် သူတို့ကိုလည်း လမ်းစရိတ် လက်ဖက်ရည်ဖိုးပေးရသေးတယ်" ဟု စက်တင်ဘာလ ၅ တွင် ပြောသည်။

အဆိုပါ ငွေကောက်ခံခြင်းနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ် လဝက ရုံးသို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

Photo- The Marnagar
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
နမ့်ခမ်းမြို့နယ်တွင် အိမ်ထောင်စု၊ မှတ်ပုံတင်ပြုလုပ်သူများကို လဝကမှ ငွေကြေးကောက်ခံနေ နမ့်ခမ်းမြို့နယ်တွင် အိမ်ထောင်စု၊ မှတ်ပုံတင်ပြုလုပ်သူများကို လဝကမှ ငွေကြေးကောက်ခံနေ Reviewed by THITHTOOLWIN on 19:07 Rating: 5
Powered by Blogger.