သက်တမ်း နှစ် ၂ဝဝဝ ကျော်ရှိ ရှေးဟောင်းကျိုက်ပြာသာဒ်တနော်စေတီတော် (၄၂)ကြိမ်မြောက် ဆီမီး ၉ဝဝဝ ပူဇော်မည်


ရန်ကုန် စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် အနောက်ပိုင်း သီဟဗလကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းကျိုက်ပြာသာဒ်တနော် ကမ်းနားစေတီတော်မြတ် ကြီး(ဝဲပုံ)၌ နှစ်စဉ်ကျင်းပလျက်ရှိသည့် ဆီမီး ၉ဝဝဝ ပူဇော် ပွဲကို (၄၂)ကြိမ်မြောက်အဖြစ် သီတင်းကျွတ်လဆန်း ၁၄ ရက်နှင့် သီတင်းကျွတ်လပြည့်နေ့တို့တွင် ညစဉ် ၉ နာရီအထိ ကျင်းပ မည်ဖြစ်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲကိုလည်း တန်ဆောင်မုန်း လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၁ ရက်တို့တွင်လည်း ဆီမီး ၉ဝဝဝ ပူဇော်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိုက်ပြာသာဒ်တနော်စေတီတော်သမိုင်းအရ သာသနာတော်နှစ် ၇၇ ခုတွင် ပါဒဘုရင်မင်း ခုနစ်ဆက်မြောက် ဘုရင် ဇယသေနမင်းသည် မိတနော်နှင့် မိတနွံ ညီအစ်မ နှစ်ယောက်ကို တော်ကောက်ကာ တောင်နန်းစံ၊ မြောက်နန်းစံ ဖြင့် ပါဒနိုင်ငံတော်ကို အုပ်ချုပ်ခဲ့သည်။ ယင်းသို့အုပ်ချုပ်နေစဉ် ယိုးဒယားပြည် ဆွဏ်ဓနုတ်ဘုရင် ဖရော့နရေဆုအင်က ပါဒဘုရင် ဇယသေနမင်းကို ချစ်ကြည်ရေးအရ သမီးတော် ဆွဏ္ဏဒေဝီကို သင်္ဘောခုနစ်စင်း ကျောက်သံပတ္တမြားအပြည့်ဖြင့် ဆက်သသောကြောင့် ယိုးဒယားဘုရင်၏ သမီးတော်ကို ဘိသိက်သွန်း၍ မိဖုရားခေါင်ကြီးအဖြစ် တင်မြှောက်ပြီး အုပ်ချုပ်ခဲ့သည်။ ထိုစဉ် တောင်နန်းစံ၊ မြောက်နန်းစံ ညီအစ်မ နှစ်ယောက်၏ စိတ်ထဲမှ တိုင်းတစ်ပါးသူကို ဦးစားပေးသည်ဟု ထင်ပြီး ဝမ်းနည်းပူဆွေးရကာ ဘဝဆက်တိုင်း ဤအဖြစ်မျိုးနှင့် မကြုံရလို၍ သာသနာသက္ကရာဇ် ၇၉ ခုတွင် မိတနော်မှ သီဟဗလကုန်းတော်အထက်တွင် မိမိအမည်ပါ ကျိုက်ပြာသာဒ် တနော်စေတီတော်ကို တည်ထားကိုးကွယ်ခဲ့ပြီး ညီမဖြစ်သူ မိတနွံမှ ကျိုက်ပြာသာဒ်တနွံဟူ၍ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုအခါ အဆိုပါ ကျိုက်ပြာသာဒ်တနော်ရှေးဟောင်း စေတီတော်မြတ်ကြီးသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၂ဝဝဝ ကျော် ရှိပြီဖြစ်သည်။ ယခုနောက်ပိုင်းတွင် ယင်းစေတီတော်ကြီး၌ နှစ်စဉ် သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလတို့တွင် နှစ်စဉ်မပြတ် ဆီမီးပူဇော်လာခဲ့သည်မှာ (၄၂)ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။

 သတင်း-ထွန်းအောင်ရှိန်၊ ဓာတ်ပုံ-စစ်မှူး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သက်တမ်း နှစ် ၂ဝဝဝ ကျော်ရှိ ရှေးဟောင်းကျိုက်ပြာသာဒ်တနော်စေတီတော် (၄၂)ကြိမ်မြောက် ဆီမီး ၉ဝဝဝ ပူဇော်မည် သက်တမ်း နှစ် ၂ဝဝဝ ကျော်ရှိ ရှေးဟောင်းကျိုက်ပြာသာဒ်တနော်စေတီတော် (၄၂)ကြိမ်မြောက် ဆီမီး ၉ဝဝဝ ပူဇော်မည် Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.