မြစ်ကြီးနားမှာ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိ

မြစ်ကြီးနားမြို့နယ် ၂၁မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးနဲ့ တရားခံတွေ ကို တွေ့ရစဉ်။ ဓါတ်ပုံ - ရဲဇာနည် ဖေ့စ်ဘွတ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျပ်သိန်းပေါင်း ၄၀၀၀ နီးပါး တန်ဖိုးရှိတဲ့ ဘိန်းဖြူ နဲ့ စိတ်ကြွဆေးပြားတွေကို သြစတြီးယားနိုင်ငံထုတ် လက်နက်နဲ့အတူ ရဲတပ်ဖွဲ့က ဆက်စပ်ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့မှာ အခုလို မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာဟာ ဒီနှစ်ပိုင်းတွေအတွင်း ပမာဏ အများဆုံး ဖမ်းဆီးရမိတာဖြစ်တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မျိုးသူရနောင်က ဒီကနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်းက မြစ်ကြီးနား ရွှေဘို ပြည်ထောင်စုလမ်းပေါ် ၂၁ မိုင် ဂိတ်မှာ စတင်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်မှုတွေအရ မြစ်ကြီးနားမြို့ တပ်ကုန်းနဲ့ မြို့သစ်ကြီးရပ်ကွက်တွေမှာပါ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိထားတဲ့ နော်ဆိုင်းမော် အပါအဝင် သုံးဦးကို မူးယစ်အက်ဥပဒေတွေနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်နဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေကနေ နည်းမျိုးစုံနဲ့သယ်ယူလာတဲ့ မူးယစ်ဆေးဝါးတွေကို တနိုင်း၊ ဖားကန့် စတဲ့ စီးပွားရေးနယ်မြေတွေအပြင် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်၊ ဗန်မော် စတဲ့မြို့တွေမှာလည်း ကျယ်ပြန့်စွာ ရောင်းဝယ်သုံးစွဲမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
မြစ်ကြီးနားမှာ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိ မြစ်ကြီးနားမှာ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိ Reviewed by THITHTOOLWIN on 18:42 Rating: 5
Powered by Blogger.