ပင်လယ်ထဲမြောနေတဲ့ လှေစီးပြေးဒုက္ခသည်အလောင်းများ တွေ့ရှိ

လှေစီးပြေး ဒုက္ခသည်များ
ရခိုင်ပြည်နယ်အတွင်းကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ်ဘက်ကိုလှေစီးပြေး ထွက်ပြေးသူတွေ ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ လူ၅၀ထက်မနည်းလိုက်ပါလာတဲ့လှေတစင်း တိမ်းမှောက်ခဲ့ပြီး ပျောက်ဆုံးသူတွေရှိနေတဲ့အကြာင်း (BURMESE ROHINGA ASSOCIATION IN THAILAND) BRAT ကပြောပါတယ်။ သီတင်း ၃ ပတ်အတွင်းမှာ လှေမှောက်သေဆုံးသူ ၁၂၀ ၀န်းကျင်ရှိနေတဲ့အကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ရဲတွေကို ကိုးကားပြီးတော့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာ ဖော်ပြနေကြပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့မှာ ရခိုင်ပြည်နယ်ဘက်က လုံခြုံရေးစခန်း ၃၀ နဲ့ ကျေးရွာတချို့ တပြိုင်နက်တိုက်ခိုက်ခံရခဲ့ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာသူပေါင်း သိန်းနဲ့ချီပြီးရှိနေပြီဆိုတာကိုလည်း ကုလသမဂ္ဂ အဖွဲ့က ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။ အသေးစိတ် ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်ထဲမှာ နယ်ခြားစောင့်ကင်းစခန်းတွေ တိုက်ခိုက်ခံရပြီး အကြမ်းဖက်မူတွေ ကြောင့်၊ မူဆလင်ဘာသာဝင်တွေ၊ ဟိန္ဒူ ဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်ရခိုင်တွေလည်း တိုက်ခိုက်ခံရပြီး သေဆုံးမူတွေ ရှိခဲ့တာပါ။ ဒီနောက်မှာတော့ ဒေသတွင်းမှာ မနေရဲကြတော့ပဲ တိမ်းရှောင်ကြရာမှာတော့ ပြည်တွင်းမှာတော့ ဗုဒဘာသာဝင်တွေနဲ့ ဟိန္နူဘာသာဝင် ၃သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့သလို မူဆလင်ဘာသာဝင်တွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးတိမ်းရှောင်တာက များပါ တယ်။ ဒီလို နေစဉ်ထွက်ပြေးနေတဲ့ အတွက် သြဂုတ်လ ၂၅ရက်နေ့ ကနေ စက်တင်ဘာလ ၁၃ရက်နေ့ထိ လှေမှောက်သေဆုံးကြတဲ့ လူဦးရေ ၁၂၀လောက်ရဲ့အလောင်းကို ဘင်္ဂလား အာဏာပိုင်တွေက ဆယ်ယူတွေ့ ရှိခဲ့တာဖြစ်ပါတယ်။ (BURMESE ROHINGYA ASSOCIATION IN THAILAND) BRATအဖွဲရဲ ဥက္ကဋ္ဌ ဦးမောင်ကျော်နု ကတော့ ဒီနေ့မှာလည်းရခိုင်ပြည်နယ်ကနေ လူ၅၀ခန့် တင်လာတဲ့လှေမှောက်တဲ့အတွက် ပျောက်ဆုံး သေဆုံးမူ တွေရှိနေတယ်လို့ အခုလိုပြောပြပါတယ်။

“ ဒီနေ့မှောက်တဲ့အထဲမှာတော့ လူ ၅၀ လောက်ပါတဲ့ လှေတစင်းရယ်၊ နောက်ပြီးတော့ နောက်လှေတစီးမှာတော့ လူဘယ်လောက်လဲတော့မသိဘူး အဲဒီလှေထဲက အမျိုးသမီး ၂ ယောက်လောက်ပဲ အခုအချိန်မှာ ကယ်တင်လို့ရတာ တွေ့တယ်ခင်ဗျ။”

နေ့စဉ်လှေမှောက်နေတဲ့အတွက်ဘင်္ဂလားအာဏာပိုင်တွေက ဆယ်ယူရရှိတဲ့စာရင်းသာ ၁၂၀ ရှိပေမဲ့ ဆယ်ယူလို့မရတဲ့အလောင်းတွေ ပျောက်ဆုံးနေတာတွေနဲ့ဆိုရင် သေဆုံးမူတွေအရေအတွက် ဒီထက်မက ရှိနေတယ်လို့လည်း ဦးမောင်ကျော်နုကဆိုပါတယ်။

“ရာကျော်ပါပြီခင်ဗျ ရေတွက်လို့မသိဘူးအမရေ ကျနော်တို့ဒီ ဘင်္ဂလားဒေ့ရှ်ကိုလာတဲ့နေရာက အမျိုးမျိုးရှိတယ်ခင်ဗျ နတ်မြစ်ကို ကျော်တဲ့နေရာက ၁၀၀ လောက်ရှိတယ် ပိုင့်ပေါ့လေ၊ ဒီမောင်တောကနေပြီးတော့ ဘင်္ဂလားဘက်ကို ၀င်တာနော် ။ အောက်ပိုင်းမှာဆိုရင် ကျနော်တို့ အလည်သံကျော်ပိုင်းပေါ့ခင်ဗျ အဲဒါက နည်းနည်း မိနစ် ၂၀၊နာရီဝက် လောက်မောင်းရတယ်။ တချို့နေရာတွေကတော့ ၁၀ မိနစ်လောက်မောင်းရတယ်။ ရာသီဥတုမကောင်းတော့ ကျနော်တို့နောက်ပိုင်းမှာ နေ့တိုင်းလိုလိုလှေမှောက်ခံရတဲ့ ဒီနေ့မနက်မှာလည်း လှေမှောက်တယ် စဉ်းစားလို့မရတာက ဒီဆင်မဖြူကျွန်း ဘင်္ဂလားဘက်ကို ရောက်ခါနီးမှာမှ မှောက်သွားတာတွေရှိတယ် အဲဒါတွေက ရာသီဥတုမကောင်းတာရယ်၊ လူဦးရေများတာရယ်။ လူ ၂၀ လောက်ဆန့်မယ့် နေရာကို လူ၅၀ လောက်တင်တယ် ။ လူ၅၀ လောက် ဆန့်တဲ့ စက်လှေမှာ လူ ၁၀၀ လောက်တင်တယ် အဲလိုဆိုတော့ မှောက်တာတွေရှိတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မူတွေဖြစ်အပြီး ဘင်္ဂလားဒေ့၇ှ် ဘက်နိုင်ငံ ဘက်ကို ထွက်ပြေးသွားတယ် ဆိုတဲ့ လူအရေအတွက်ဟာ အခုဆိုရင် ၃၈၀,၀၀၀ နီးပါးရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဘက်ကတော့ပြောဆိုထားပါတယ်။

မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ပင်လယ်ထဲမြောနေတဲ့ လှေစီးပြေးဒုက္ခသည်အလောင်းများ တွေ့ရှိ ပင်လယ်ထဲမြောနေတဲ့ လှေစီးပြေးဒုက္ခသည်အလောင်းများ တွေ့ရှိ Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.