မန္တလေး - လားရှိုးလမ်း ပင်တိန်ရွာအနီးတွင် ၁၂ ဘီးယာဉ်အား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခံရ


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပင်တိန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ် (၉၆/၄ နှင့် ၅ ) အကြားတွင် စက်တင်ဘာလ (၂၅)ရက်နေ့ ည (၁၀)နာရီခန့်က မန္တလေးမှ လားရှိုးသို့ မောင်းနှင်လာသည့် (၁၂)ဘီးယာဉ်အား အမျိုးသား(၄)ဦးက သေနတ်ဖြင့်လိုက်လံပစ်ခတ်မှု ဖြစ်ပွားသဖြင့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“အရပ်ဝတ်နဲ့ အမျိုးသား(၄)ဦးကနေ မော်တော်ဆိုင်ကယ်(၂)စီးနဲ့ လိုက်ပြီး အဲဒီကားကို ပစ်ခတ်ခဲ့တယ်လို့ သိရတယ်။ အနည်းဆုံး(၄)ချက် ပစ်ခံရတယ်။ (၁၂)ဘီးကားကတော့ သေနတ်မှန်ခံရတာကြောင့် အနောက် ယာဘက်ဘီး ပေါက်သွားပေမဲ့ မရပ်ဘဲ မောင်းပြေးလာတယ်။ လိုက်ပစ်တဲ့ဆိုင်ကယ် နှစ်စီး နဲ့ လူ(၄)ယောက်ကတော့ နောက်လှည့်ပြန်သွားတယ်လို့ သိရတယ်”ဟု ဖြစ်စဉ်အား စစ်ဆေးနေသည့် ရဲအရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့မှ (၈)မိုင်ကျော်ခန့်ဝေးသည့် ပင်တိန်ကျေးရွာအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ကားအား ဆက်လက်မောင်းနှင်လာပြီး ကျောက်မဲမြို့အဝင် အိုရီယမ်တယ်တိုးဂိတ်၌ ပူးပေါင်းစစ်ဆေးရေးအဖွဲ့အား ယာဉ်မောင်းသူနှင့် ယာဉ်နောက်လိုက်တို့က သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၂)ဘီးယာဉ်အား လိုက်လံပစ်ခတ်သည့် အမျိုးသားများသည် လက်နက်ငယ်(အရှည်)ကိုင်ဆောင်ထားသည်ဟု ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ထံမှသိရှိရပြီး အဆိုပါအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေဖြစ်သည့် နောင်ပိန်ရဲစခန်းက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း - နေဖြိုးမြင့်
Tachileik News Agency
http://www.tachileik.net
မန္တလေး - လားရှိုးလမ်း ပင်တိန်ရွာအနီးတွင် ၁၂ ဘီးယာဉ်အား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခံရ မန္တလေး - လားရှိုးလမ်း ပင်တိန်ရွာအနီးတွင် ၁၂ ဘီးယာဉ်အား သေနတ်ဖြင့် လိုက်လံပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 17:01 Rating: 5
Powered by Blogger.