လုပ်ပိုင်ခွင့်ကို ထိရောက်စွာ ဆောင်ရွက်ဖို့ တိုက်တွန်း


ရှမ်း ပြည်နယ် အစိုးရ အနေနဲ့ ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် အစိုးရ လုပ်ပိုင်ခွင့် ဘောင်အတွင်းကနေ လုပ်နိုင်စရာတွေကို ဖြည့်တင်းဆောင်ရွက်ပေးဖို့ ရှမ်းပြည်နယ်လွှတ်တော်မှာ အဆိုတင်ပြခဲ့ပါတယ်။

ရှမ်းပြည်နယ် အစိုးရ အနေနဲ့ ချမှတ်ထားတဲ့ မူတွေနဲ့ ရည်မှန်းချက်တွေကို စာရွက်ပေါ်မှာဘဲ မထားဘဲ အကောင်အထည်ဖော်ဖို့ ကိုလည်း လွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့ပါတယ်။

ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ အခြေခံ ဥပဒေ ဇယား ၅ မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေအတိုင်း ဆောင်ရွက်နိုင်တဲ့ အနေအထားကို ဖော်ပြထားပေမယ့် ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေမှာ လျှော့ချ ပြဋ္ဌာန်းမှု ပါလာတာ တွေ့ရတယ်လို့ အဆို တင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အဖွဲ့ က ပြည်နယ်လွှတ်တော် အမတ် စိုင်းထွန်းဉာဏ် က ပြောပါတယ်။

၂၀၁၄ တုန်းက ပြဋ္ဌာန်းလိုက်တဲ့ လျှပ်စစ်ဥပဒေအရ မဂ္ဂါဝပ် ၃၀ ကို ပြည်နယ်အတွင်း လွတ်လပ်စွာ သုံးစွဲပိုင်ခွင့်ရှိသလို ရင်းနှီးမြှပ်နှံမှု ဆိုရာမှာ အမေရိကန် ဒေါ်လာ ၅ သန်းထက် မကျော်တဲ့ ပမာဏ ဆိုရင် လုပ်ပိုင်ခွင့်သည် ပြည်နယ်အစိုးရတွင် လွတ်လပ်စွာ ရှိတယ်လို့ ဆိုထားတာကြောင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုကို ပြည်နယ်အစိုးရက လုပ်ဆောင်သင့်တယ်လို့ စိုင်းထွန်းဉာဏ် က ဆိုပါတယ်။

ဒါ့အပြင် ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်း တိုင်ပင် တင်ပြပြီး တိုင်းဒေသ အစိုးရရဲ့ လုပ်ပိုင်ခွင့် အနေနဲ့ ဖန်တီး ရယူနိုင်တဲ့ အနေအထားတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

အထူးသဖြင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ဆိုရင် တစီးကို သိန်း ရာနဲ့ချီ တန်တဲ့ ဘတ်စကား စီးရေထောင်နဲ့ချီ ပမာဏကို တိုင်းဒေသကြီး အစိုးရ ကိုယ်တိုင် တင်ဒါခေါ် တင်သွင်းလာတဲ့ ကိစ္စမျိုး လုပ်နေချိန်မှာ သူတို့ဆီမှာတော့ ပြည်နယ် အစိုးရက မလုပ်မကိုင် ဖြစ်နေတာ တွေ့ရတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

သူ့အနေနဲ့ အဆိုတင်သွင်းရတဲ့ ရည်ရွယ်ချက်က အစိုးရအနေ နဲ့ သက်တမ်း တနှစ်ခွဲ ကျော်လာပြီ ဖြစ်ပေမယ့် ဒီ တစ်နှစ်ကျော်ကာလမှာ အစိုးရရဲ့ လုပ်ငန်းဆောင်တာမှုကို လေ့လာသုံးသပ်တဲ့ အခါ တခြား တိုင်းဒေသကြီး ၊ ပြည်နယ်တွေနဲ့ ယှဉ်မယ်ဆိုလို့ရှိရင် လုံးဝအားရစရာ မရှိဘဲ အလုပ်မလုပ်သလိုဖြစ်နေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။

ရင်းနှီးမြုပ်နှံမှု အပိုင်းမှာ ဆိုရင် လျှပ်စစ် ထုတ်လုပ်မှု ကနေ အမြတ် ရနိုင်သလို လူထု အကျိုးပြုလည်းဖြစ် ၊ အလုပ်အကိုင်လည်း ပေးနိုင်ပေမယ့် ဒါကို သူတို့ ပြည်နယ် အစိုးရ အနေနဲ့ လုပ်သင့်ပြီး မလုပ်နိုင်ရင်လည်း နိုင်ငံခြား ကုမ္ပဏီတွေကို တင်ဒါခေါ်သင့်တယ် မဂ္ဂါဝပ် ၃၀ ကျော် ဆိုရင် ပြည်ထောင်စု အစိုးရဆီ တင်ပြစရာတောင် မလိုဘူးလို့ သူက ဆိုပါတယ်။

အခုတော့ သူတင်သွင်းခဲ့တဲ့ အဆိုကို အစိုးရက မှတ်တမ်းဘဲ တင်ထားပြီး တကယ်တန်း လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ရ၆ မဲ နဲ့ ကန့်ကွက်မဲ ၄၈ မဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော် စတုတ္ထနေ့ အစည်းအဝေး တက်ရောက်တဲ့ ကိုယ်စားလှယ် ၁၂၅ ဦး ရှိတဲ့ အနက် မဲပေးပိုင်ခွင့် ၁၂၄ ဦး ရှိပြီး စိုင်းထွန်းဉာဏ် ရဲ့ အဆိုကို လွှတ်တော်မှာ အတည်ပြု သွားခဲ့ပါတယ်။

ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ရဲ့ အဆိုကို လွှတ်တော် တတိယနေ့ သြဂတ် ၃၀ ရက်နေ့က တင်သွင်းခဲ့ပြီး စတုတ္တနေ့မှာ လွှတ်တော်က အဆိုကို အတည်ပြု တာကြောင့် ဒီအဆိုအတိုင်း အစိုးရ အနေနဲ့ အလေးအနက်ထား ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လုပ်ပိုင်ခွင့်ကို ထိရောက်စွာ ဆောင်ရွက်ဖို့ တိုက်တွန်း လုပ်ပိုင်ခွင့်ကို ထိရောက်စွာ ဆောင်ရွက်ဖို့ တိုက်တွန်း Reviewed by THITHTOOLWIN on 08:48 Rating: 5
Powered by Blogger.