မြို့သာစက်မှုစီမံကိန်းမှာ မြေယာလျော်ကြေးပြဿနာတွေ မပြေလည်သေး

မန္တလေးမြို့က အသစ်ဖော်ဆောင်ထားတဲ့ အိမ်ရာစီမံကိန်းအချို့
မန္တလေးတိုင်း၊ငါန်းဇွန်းမြို့နယ်က လယ်မြေဧက ၁ သောင်းပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မြို့သာစက်မှုဥယျာဉ် စီမံကိန်းမှာ လယ်ယာမြေလျော်ကြေး ပြဿနာတွေအပြင် လူ့အခွင့်အရေး ချိုးဖောက်မှု တွေရှိနေတယ်လို့ FIDH ( International Federation for Human Rights) အဖွဲ့က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မြို့သာစက်မှုဥယျာဉ်စီမံကိန်းကို မန္တလေး-မြို့သာစက်မှုဖွံဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီက တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရဲ့ခွင့်ပြုမှုနဲ့ ငါန်းဇွန်းမြို့နယ်အတွင်းက လယ်မြေဧက ၁ သောင်းပေါ်မှာ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

စီမံကိန်းကြောင့် ကျေးရွာ ၁၄ ရွာက အိမ်ခြေ ၁ ထောင်ကျော်တို့ရဲ့ လယ်ယာမြေတွေ အသိမ်းခံခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ FIDH က စီမံကိန်းပါဒေသက တောင်သူတွေကို သွားရောက်တွေ့ဆုံ မေးမြန်းပြီး ဒီအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

ကုမ္ပဏီက လယ်မြေတွေတိုင်းတာမှုပြုရာမှာလည်း လျှော့ပေါ့တိုင်းတာခဲ့သလို လျော်ကြေးငွေ ပေးဆောင်ရာ မှာလည်း သီးနှံလျော်ကြေးကို ကာလပေါက်ဈေးအတိုင်း မပေးဆောင်တဲ့အပြင် မြေယာလျော်ကြေးကို လည်း မပေးဘူး လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီစီမံကိန်းကို ၂၀၁၃ က စတင် အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှသာ လျော်ကြေးငွေ ပေးတာ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စီမံကိန်းကြောင့် လယ်ယာမြေ အသိမ်းခံခဲ့ရတဲ့ တောင်သူတချို့က လျော်ကြေးငွေယူဖို့ ငြင်းဆန်ခဲ့ပြီး ဆန္ဒပြမှုတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကြောင့် ကုမ္ပဏီဘက်ကနေ တရားစွဲဆိုထားတဲ့ ကျေးရွာသား ၅၀ နီးပါးရှိတယ်လို့သိရပါတယ်။

ဒေသခံတောင်သူတွေရဲ့သဘောထားဆန္ဒနဲ့ လုပ်ကိုင်ခွင့်ရကုမ္ပဏီအကြား တိုင်းအစိုးရအဖွဲ့ကို ညှိနှိုင်းတင်ပြမှုတွေရှိနေတယ်လို့ ငါန်းဇွန်းမြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က ပြောပါတယ်။

စီမံကိန်းမှာ လာရောက်ရင်းနှီးမြုပ်နှံကြမယ့် နိုင်ငံတကာကုမ္ပဏီတွေ အနေနဲ့ ဒေသခံတောင်သူတွေနဲ့ ကုမ္ပဏီအကြား မြေယာလျော်ကြေးကိစ္စပြေလည်မှု မရသေးချိန်မှာ ရင်းနှီးမြှပ်နှံမှုမပြုလုပ်ကြဖို့ ဒေသခံတွေက သတိပေးပြောဆိုနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြို့သာစက်မှုစီမံကိန်းမှာ မြေယာလျော်ကြေးပြဿနာတွေ မပြေလည်သေး မြို့သာစက်မှုစီမံကိန်းမှာ မြေယာလျော်ကြေးပြဿနာတွေ မပြေလည်သေး Reviewed by THITHTOOLWIN on 16:18 Rating: 5
Powered by Blogger.