ကိုယ်စားလှယ်တချို့ ဘ၀မေ့နေတယ်လို့ ဦးဝင်းထိန် ပြော

ရန်ကုန်မြို့ NLD ရုံးချုပ်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် ကို တွေ့ရစဉ်။ Photo: Thiha Tun/RFA
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ ဘ၀မေ့နေကြပြီး ကိုယ်စား လှယ်တွေရဲ့လုပ်ငန်းတာဝန် မကျေပွန်တာတွေကို တွေ့နေရတယ်လို့ NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ တွေ့ဆုံစဉ် NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောခဲ့တာဖြစ်ပါတယ်။

"ခုတစ်နှစ်ခွဲကာလအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ့်ဘ၀ကိုမေ့ကုန်ကြပြီ၊ တချို့ တချို့ အားလုံးမဟုတ်ဘူး၊ သာမန်အဖွဲ့ချုပ်အဖွဲ့ဝင်ကနေပြီးတော့မှ ရွေးကောက်တင်မြှောက်ခြင်း ခံလိုက်ရတဲ့အခါမှာ တချို့ပုဂ္ဂိုလ်တွေဟာ ဘ၀မေ့နေတယ်။ ကိုယ်ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာလဲဆိုတာကိုလဲ မဆန်းစစ်တော့ဘူး။ နောက်တစ်ချက်က တချို့လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ လွှတ်တော်ကိုယ်စားလှယ် လုပ်ငန်းတာဝန် ထမ်းဆောင်တဲ့နေရာမှာ တာဝန်မကျေကြဘူး"

တချို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ်ကျိုးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ ကိစ္စတွေ ရှိလာတာကို တွေ့နေရပြီး သူ့အနေနဲ့ ဒီလိုပြောနိုင်တာကလည်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အရည်အချင်းနဲ့ ပတ်သက် ပြီး သုံးသပ်တဲ့ အဖွဲ့မှာပါဝင်တာကြောင့်လို့ ဦးဝင်းထိန်က ပြောပါတယ်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေ၊ NLD ပါတီ အလုပ်အမှုဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အခုလို တွေ့ဆုံဆွေးနွေးတာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဒီလို မကြာခဏတွေ့ဆုံမူဟာ အဖွဲ့ချုပ်တည်တံ့ရေး၊ NLD ပါတီဝင်တွေ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အထောက်အပံ့ကောင်းတွေ ရမယ်လို့ ယုံကြည်ကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ဦးဝင်းထိန်က လွှတ်တော်ကိုယ်စားလှယ်တွေကို NLD ပါတီက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းကို ပြန်လည်ဖတ်ရှုဖို့ တိုက်တွန်းခဲ့ပြီး သက်ဆိုင်ရာမြို့နယ်တွေက မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေကို ဘယ်အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်သလဲဆိုတာ ပြန်ဆန်းစစ်ဖို့ ပြောပါတယ်။

တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ၊ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအပါအ၀င် လူဦးရေ ၁၆၀ ကျော် တက်ရောက် ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ကိုယ်စားလှယ်တချို့ ဘ၀မေ့နေတယ်လို့ ဦးဝင်းထိန် ပြော ကိုယ်စားလှယ်တချို့ ဘ၀မေ့နေတယ်လို့ ဦးဝင်းထိန် ပြော Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.