မြို့ကြီးအချို့မှာလည်း အကြမ်းဖက်မှုကောလာဟလထွက်

 တောင်တွင်းကြီးမြို့က ဆူပူမှုမြင်ကွင်း
ရန်ကုန်၊မန္တလေးအပါဝင်မြို့ကြီးအချို့မှာ အကြမ်းဖက်မှုတွေဖြစ်ပွားနိုင်ခြေရှိတယ်လို့ အစိုးရအဖွဲ့က တရားဝင်ထုတ်ပြန်မှုတွေအပြီး ကောလာဟလအချို့ထွက်ပေါ်လာကာ မြို့ကြီးအချို့မှာ ရုတ်ရုတ် သဲသဲတွေဖြစ်ပွားခဲ့ပါတယ်။

လူထုအကြား မှာ ကောလဟလတွေကပုံစံအမျိုးမျိုးနဲ့ ပြန့်နှံ့နေပြီး ဒီရက်ပိုင်းအတွင်းမှာပဲ ကောလဟလ တချို့ ကြောင့် မကွေးတိုင်းက ပခုက္ကူနဲ့ ပဲခူးတိုင်းက ပြည်၊ဖြူးမြို့တွေမှာ လူအစုအဝေးနဲ့ ရုတ်ရုတ် သဲသဲအခြေနေတွေဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲအဖြစ် ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင် တွေအကြား တိုက်ခိုက်မှုတွေရှိနိုင်တယ်လို့ ကောလာဟလဖြန့်ဝေတာ တွေရှိနေ ပါတယ်။

သြဂုတ်လ ၉ ရက်နေ့က ဖြူးမြို့နယ်ရဲ့ အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်းရှေ့မှာတော့ ကျောင်းကို လာဝိုင်းထားသလို ကောလဟာတွေ ထွက်ခဲ့တာကြောင့် ကျောင်းသားမိဘတွေက ကလေးတွေကို လာခေါ်ရင်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့တယ်လို့ ဖြူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နီဝင်းက ပြောပါတယ်။

အလားတူ ဒီရက်ပိုင်းထဲမှာပဲ ပြည်မြို့ ရွှေတံခါးကွက်သစ် အထက်တန်းကျောင်းခွဲမှာလည်း စက္ကူပန်း အလှ ပြုလုပ်နည်းလာရောက်ပြသတဲ့ ဘာသာခြားနှစ်ဦးကို နားလည်မှုလွဲမှားခဲ့ရာမှ ကျောင်းသားမိဘတွေနဲ့ ဒေသခံတွေ စုစည်းရောက်ရှိလာတဲ့အတွက် တာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ဝိုင်းဝန်း ထိန်းသိမ်းပြီး လုံခြုံရေးရယူခဲ့ရတဲ့အခြေနေဖြစ်ခဲ့ပါတယ်။

သြဂုတ် ၉ ရက်နေ့ညမှာပဲ ပခုက္ကူမြို့ အမှတ် ၁၅ရပ်ကွက်မှာလည်း လူစုလူဝေးနဲ့အနည်းငယ် ရုတ်ရုတ် သဲသဲဖြစ်ပွားခဲ့တဲ့အခြေနေရှိခဲ့ပါတယ်။

မြို့မလမ်းပေါ်မှာ ဟိန္ဒူမိသားစုတစုကိုအစ္စလာမ်ဘာသာဝင်လို့ အထင်မှားပြီး ဒေသခံအချို့ စုဝေးမှုရှိခဲ့တယ်လို့ ပခုက္ကူမြို့ခံ ကိုထွန်းထွန်းစိုးက ပြောပါတယ်။

ပြည်သူလူထုအကြားမှာ စိုးရိမ်မှုတွေပြန့်ပွားလာအောင် တယ်လီဖုန်းမက်ဆေ့တွေ ဆိုရှယ်မီဒီယာ ကနေ သွေးထိုးလှုံ့ဆော်မှုတွေ ဖြန့်ဝေနေတာတွေနဲ့ပတ်သက်လို့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွား မယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီကနေ သြဂုတ်လ ၉ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ထားပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာတော့ စက်တင်ဘာလ ၁၀ ရက်နေ့က ဆူပူမှုတွေဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေက ရာဘာကျည်အသုံးပြုပြီး လူစုခွဲခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese
မြို့ကြီးအချို့မှာလည်း အကြမ်းဖက်မှုကောလာဟလထွက် မြို့ကြီးအချို့မှာလည်း အကြမ်းဖက်မှုကောလာဟလထွက် Reviewed by THITHTOOLWIN on 17:20 Rating: 5
Powered by Blogger.